စစ်ဘေးရှောင် တစ်သန်းကျော်ရှိသည့် စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်တစ်သောင်းခွဲခန့်သာ ထောက်ပံ့ငွေရရှိ

By MPM 27 ဖေ‌ဖော်ဝါရီ, 2025 👁 3

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်တို့ကို စစ်ကောင်စီကထောက်ပံ့ပေးအပ်သည်ဆိုသော တစ်လလျှင် ကျပ်နှစ်သောင်း ထောက်ပံငွေကို လက်ရှိအထိ လူဦးရေတစ်သောင်းခွဲခန့်သာ ရရှိနေသေးကြောင်း သိရှိရသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီထိန်းချုပ်ထားဆဲ နယ်မြေများဆီကို ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်တို့ကို အိမ်ထောင်တစုလျှင် တစ်လကျပ်နှစ်သောင်းစီ တစ်နှစ်တိတိ ထောက်ပံ့သွားမည်ဖြစ်သည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ဟုမ္မလင်းဒေသခံ စစ်ရှောင်တစ်ဦးက “ထောက်ပံ့ကြေးပေးမယ့်ဟာက အဲ့လိုမျိုးပေးတာတွေ မသိရသေးဘူး။ ကြားကို မကြားမိသေးတာ” ဟု ပြောပါတယ်။

လက်ရှိအချိန်ထိ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ရေဦးခရိုင်၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နှင့် ကသာမြို့ရှိ စစ်ဘေးတိမ်းရှောင်လာသူတို့ကိုသာ ပေးအပ်နေသေးကြောင်းလည်း သိရသည်။

စစ်ကိုင်းမြို့တွင် စစ်ဘေးရှောင် ခြောက်သောင်းကျော်ရှိသော်လည်း လက်ရှိအချိန်ထိ လူဦးရေနှစ်ထောင့်ငါးရာသာ ထောက်ပံ့ငွေ ပေးအပ်နိုင်သေးကြောင်းနှင့် ကောလင်း၊ ကန့်ဘလူနှင့် ရေဦးခရိုင်တို့တွင် စစ်ဘေးရှောင် သိန်းနှင့်ချီရှိနေသော်လည်း လူဦးရေ ခြောက်ထောင်ကျော်ကိုသာ ထောက်ပံ့မှု ပေးအပ်ထားသည်ဟု စစ်ကောင်စီ ထုတ်ပြန်မှုအရ သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်လာသူတွေကို ထောက်ပံ့ကြေးငွေပေးရန် ပြင်ဆင်မှုရှိနေသည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတို့ ပြောသည်။

“ဟုမ္မလင်းမှာ သွားထုတ်ကြတာ၊ ဘယ်မှာသွားထုတ်တာလည်းတော့ မသိဘူး။ မြို့နယ် လဝက ဟုတ်ကြောင်း မှန်ကန်ကြောင်း ထောက်ခံစာတွေနဲ့ သွားရတာပေါ့။ တချို့ရွာမှာက လည်းစစ်ဘေးရှောင်တွေ ဘယ်နေ့ ဘယ်ရက်ကို သွားထုတ်ရမယ်ဆိုတာ ဆော်ဩနေတယ်” ဟု အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် KIA တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြို့က စစ်ဘေးရှောင်များအပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ကုလသမဂ္ဂစာရင်းများအရ လူဦးရေ ၁.၂ သန်းသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြောဆိုထားပါသည်။

ရှမ်းနီအသံ ပေးပို့သည်။