လိုင်ဇာဌာနချုပ်အနီး စစ်ဘေးရှောင်စခန်းက ကလေးငယ် ၃ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ် ထိရောက်စွာ ကိုင်တွယ်ပေးရန် KIO ကို တောင်းဆို

By MPM 26 ဖေ‌ဖော်ဝါရီ, 2025 👁 4

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်သည့်ဖြစ်စဉ်ကို KIO က ထိရောက်စွာ စစ်ဆေးအရေးယူပေးရန် မျှော်လင့်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဂျေယန့်စစ်ဘေးရှောင်စခန်းက ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြန်ပေးဆွဲခံရပြီးနောက် ၃ ရက်အကြာ၌ ကလေးငယ် ၃ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကလေးငယ် ၃ ယောက်ကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူဆိုသူကို လက်ရှိတွင် သက်ဆိုင်ရာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖမ်းဆီးထားပြီဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

“တရားခံကို ဖမ်းဆီးထားပြီး စစ်ဆေးနေတုန်းဖြစ်လို့ သေချာမသိရသေးဘူး။ တရားခံက ကလေးတွေကို ကြိုးနဲ့တုတ်ပြီး အလောခက် (Alaw hkyet) တောင်ကြားမှာ ထားထားပြီး ငွေနဲ့လဲယူဖို့ ကြိုးစားတာပေါ့။ နောက် အားလုံးဝိုင်းရှာကြတော့ ဘယ်အချိန်သတ်လိုက်မှန်းတောင်မသိဘူး” ဟု ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးသည် မနန်းဇိန်းဂျီးအောင် (အသက် ၁၀ နှစ်)၊ မဖောင်ယမ်ဆွတ်ဆိုင်းအိန် (အသက် ၁၁ နှစ်) နှင့် မလထောက်ရွယ်ဂျီ (အသက် ၁၀ နှစ်) တို့ ဖြစ်သည်။

ထိုကလေးငယ် ၃ ဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက အသီးသွားခူးစားရင်း လမ်းမှာပျောက်သွားပြီးနောက် ၎င်းတို့ကို လက်ပြန်ကြိုးတုတ်၊ ခြေထောက်ကြိုးချည်ကာ မျက်စိနှင့်ပါးစပ်ကို အဝတ်စည်းခံထားရသည့်ပုံကို WeChat ကတဆင့် ဂျေယန်စစ်ဘေးရှောင်စခန်းက မူကြိုဆရာမတစ်ဦးထံပို့ပြီး ကလေးများကို တရုတ်ငွေ ယွမ် ၃ သိန်းနှင့် လာရွေးရန် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ကလေး ၃ ဦး၏ မိသားစုဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လိုက်လံရှာဖွေခဲ့ရာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၁ နာရီတွင် ကလေး ၂ ယောက်၏ ရုပ်အလောင်းကို တောထဲတွင်တွေ့ရှိခဲ့ပြီး နောက်နေ့ မနက်ပိုင်း၌ ကျန်တစ်ယောက်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်လွဲပိုင်းတွင် သတ်ဖြတ်ခံရသည့် ကလေးငယ် ၃ ဦး၏ ရုပ်အလောင်းကို သဂြိုလ်လိုက်ပြီဖြစ်ကြောင်းနှင့် ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သူဆိုသူကိုလည်း ဒွမ်ဘုန် (Dumbung) ဘက်တွင် သွားရောက်ပုန်းရှောင်ချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“လောလောဆယ် တရားခံက တစ်ယောက်ပဲ။ တရားခံ ဘယ်နှစ်ဦးလည်းဆိုတာ စစ်ဆေးနေတုန်းလို့ သိရပါတယ်။ ဘယ်လိုဖြစ်လာမယ် မသိရသေးဘူး” လို့ ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးက ပြောပါသည်။

ပြစ်မှုကျူးလွန်သူသည် ကြိုးဆွဲသတ်ဖြတ်ခံရသူ နန်းဇိန်းဂျီးအောင် (အသက် ၁၀ နှစ်) ၏ ဖခင်ဖြစ်သူနှင့် အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်ဟု ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသမီးက ပြောသည်။

“အပြစ်မဲ့ကလေးတွေကို ဒီလိုရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တဲ့ဖြစ်ရပ်မျိုး နောက်နောင် ဘယ်တော့မှမရှိတော့အောင် အစိုးရက သေချာစီစစ် စစ်ဆေးပြီး တာဝန်ယူပေးဖို့ မျှော်လင့်ပါတယ်” လို့ ဂျေယန် စစ်ဘေးရှောင်စခန်းက အမျိုးသမီးက ပြောဆိုသည်။

KIO ထိန်းချူပ်နယ်မြေ လိုင်ဇာမြို့နှင့် နယ်စပ်တကြောတွင် ယခုလိုဖြစ်ရပ်မျိုး ယခင်ကမရှိခဲ့ဖူးသလို ထိုဖြစ်ရပ်မျိုးကြောင့် အားလုံးထိတ်လန့်နေကြပြီး သက်ဆိုင်ရာ KIO အစိုးအနေနှင့် အမှုကို ထိရောက်စွာ ဖော်ထုတ်အရေးယူပေးနိုင်ရန် မျှော်လင့်သည်ဟု မိသားစုဝင်တို့နှင့်အတူ ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။

KNG ပေးပို့သည်။