တနင်္သာရီတွင် စစ်ဘေးရှောင်တစ်သောင်းကျော် အရေးပေါ်အကူအညီလိုအပ်နေ

By MPM 25 ဖေ‌ဖော်ဝါရီ, 2025 👁 6

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့တခုဖြစ်သည့် ခုနစ်စဉ်ကြယ်အဖွဲ့က ပြောဆိုသည်။

တနင်္သာရီမြို့နယ်က ကျေးရွာများနှင့် အမှတ်- ၈ ပြည်ထောင်စုလမ်းမကြီးပိုင်းကို ထိန်းချုပ်ရန်အတွက် အင်အားအများအပြားပါသော စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတတိယအပတ်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုနှင့်အတူ လက်ရှိအချိန်ထိ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် တနင်္သာရီမြို့နယ်ထဲက ကျေးရွာအများအပြားမှ ဒေသခံများသည် လချီပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲများကြောင့် သိန်းခွန်း၊ ချောင်းနှစ်ပေါက်၊ သဘော့လိပ်ငယ်၊ ထုံမခါ၊ ညောင်ပင်ကွင်း ကျေးရွာတို့အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းကျော်မှာ ဘေးလွတ်ရာ တောတောင်နှင့် ဥယျာဉ်ခြံများတွင် တိမ်းရှောင်နေရသည်ဟု ခုနစ်စဉ်ကြယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အဲဒီထဲက သိန်ခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ကျေးရွာက ဒေသခံတွေဟာ နှစ်လကျော်ကြာတဲ့အထိ စစ်ဘေးရှောင်နေရတာ။ စစ်ရှောင်အများစုက နီးစပ်ရာကျေးရွာ၊ တောတောင်နဲ့ ဥယျာဉ်ခြံတွေ တိမ်းရှောင်နေရတာ လတ်တလောမှာ အစားအသာက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေတယ်” ဟု ၎င်းကဆိုသည်။

အထူးသဖြင့် စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာကြောင့် အာဏာသိမ်းလေးနှစ်တာအတွင်း အပြင်းထန်ဆုံးအခြေအနေဖြစ်ပြီး ရှေ့ဆက်လည်း တိုက်ပွဲများ ပြင်းထန်လာမည့်အနေအထားရှိနေသည်ဟု ခုနစ်စဉ်ကြယ်အဖွဲ့က ပြောသည်။

ယင်းအပြင် တနင်္သာရီမြို့နယ် နေရာတိုင်းနီးပါးသည် အချိန်မရွေး စစ်မြေပြင်ဖြစ်နိုင်သော အနေအထားကြောင့် တစ်မြို့နယ်လုံး၌ စစ်ဘေးရှောင်နေရသည့် ရွာပေါင်း ၅၀ ထက်မနည်း ရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုံမခါကျေးရွာနှင့် ညောင်ပင်ကွင်းကျေးရွာတို့ကိူ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံနေအိမ် ၃၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။