ပြည်သူ့ညီညွတ်ရေးတပ်ဦး (PUF) ဖွဲ့စည်းဖြစ်ပုံ၊ စစ်ရေးလှုပ်ရှားရာနယ်မြေနှင့် စစ်ရေးဖော်ဆောင်မှုအခြေအနေများအပေါ် PUF အထွေထွေအတွင်းရေးမှူး နန့်ရတီဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အပြီးတိုင်ဖျက်သိမ်းရေး၊ လူမျိုးပေါင်းစုံလူထုတရပ်လုံး လုံးဝလွတ်မြောက် ရေး၊ တော်လှန်ရေးအဖွဲ့အစည်းအားလုံး သွေးစည်းညီညွတ်ရေး စသည့် ရည်ရွယ်ဦးတည်ချက်နှင့် ဖွဲ့စည်း တည်ထောင်ခဲ့သည့် ပြည်သူ့ညီညွတ်ရေးတပ်ဦး PUF သည် ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တပ်ဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအနောက်ခြမ်းအတွင်းရှိ ဒေသများတွင် နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများကို မိတ်ဘက် တော်လှန်ရေးအဖွဲ့အစည်းများ၊ လူမျိုးစုတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဖော်ဆောင်ရန် အဆင်သင့် ဖြစ်နေပြီဟု တပ်ဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့်မြောက်တွင် ပြည်သူ့ညီညွတ်ရေးတပ်ဦး – PUF က ကြေညာခဲ့သည်။
ပြည်သူ့ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းဖြစ်ပုံ၊ စစ်ရေးလှုပ်ရှားရာနယ်မြေနှင့် စစ်ရေးဖော်ဆောင်မှု အခြေအနေများအပေါ် ပြည်သူ့ညီညွတ်ရေးတပ်ဦး – PUF အထွေထွေအတွင်းရေးမှူး နန့်ရတီဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ PUF စတင်ဖွဲ့စည်းဖြစ်ပုံနဲ့ ပါဝင်သူတွေကို အရင်ဆုံးပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ပြည်သူ့ညီညွတ်ရေးတပ်ဦးကို ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၂၄ ခုနှစ်မှာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်းတွေ၊ လူမျိုးစုလူငယ်တွေ၊ နွေဦးတော်လှန်ရေးကာလမှာ ပေါက်ဖွားလာတဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ (Local PDFs) တွေ၊ CDM ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတွေ၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ ဗမာပြည်ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တူတာတွဲလုပ် မတူတာခွဲလုပ်၊ တဖွဲ့၏အရေးကိစ္စဟာ အားလုံးရဲ့အရေးကိစ္စ ဖြစ်တယ်ဆိုတဲ့ မူဝါဒအတိုင်း တစုတဖွဲ့တည်းကနေ တိုက်ပွဲဝင်ခဲ့ကြတဲ့ အခြေအနေ ကနေပြီးတော့ ဘုံရန်သူတူတဲ့ ဆန်ကျင်တဲ့အင်အားစုအားလုံး ပူးပေါင်းပြီးတော့ တပ်ပေါင်းစုဖွဲ့တိုက်မှသာ အလျင်အမြန် အောင်ပွဲခံနိုင်မယ်ဆိုတဲ့ ခံယူချက်တွေနဲ့အတူ ကျနော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ PUF ရဲ့ စစ်ရေးရည်ရွယ်ချက်နဲ့ စစ်ရေးလှုပ်ရှားမယ့်ဒေသတွေကရော ဘယ်နေရာတွေပါလဲ။
ဖြေ။ ။ စစ်ရေးရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျနော်တို့ပြည်သူလူထုအပေါ် နှစ်ပေါင်း ၇၀ ကျော် လောက် နည်းမျိုးစုံနဲ့ အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်သုံးစစ် (စစ်အစိုးရ၊ စစ်အုပ်စုနဲ့၊ စစ်ဗျူရိုကရေစီယန္တရား) လို့ ကျနော်တို့သုံးနေတဲ့ ဒီနေရာမှာ စစ်အာဏာရှင်စနစ်လို့ ပြောရမှာပေါ့။ အဲ့ဒီစနစ်ကြီးတခုလုံးကို ဖြိုချပစ်နိုင် ပြီးတော့ လူထုရဲ့အာဏာဟာ လူထုရဲ့လက်ထဲ ပြန်ရောက်မယ့်အချိန်အထိ ကျနော်တို့က လက်မလျှော့ဘဲ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။
ကျနော်တို့အခုထုတ်ပြန်ထားတဲ့ ဧရာဝတီနဲ့ ပဲခူးတိုင်းဆိုတဲ့နေရာတွေမှာပဲ အမြဲတမ်း နေ,နေမှာမဟုတ်ဘဲ အဲ့ဒီနေရာတွေမှာ လွတ်မြောက်သွားခဲ့ပြီးတော့ တခြားနေရာတွေမှာ ဖိနှိပ်ခံနေ ရတာတွေ ရှိနေသေးရင် အဲ့ဒီနေရာတွေအတွက်လည်း ကျနော်တို့ဆက်ပြီး တော်လှန်သွားမှာဖြစ်တယ်။ ဖိနှိပ်ခံရတဲ့ လူထုတွေရှိတဲ့ နေရာတိုင်းမှာ ကျနော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးဟာ လူထုအတွက်ရပ်တည် ပြီးတော့ တိုက်ပွဲဝင်နိုင်တဲ့ အနေအထားတခုရောက်အောင် ကြိုးစားသွားပါမယ်။
မေး။ ။ ဧရာဝတီနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ အဓိကစစ်ရေးလှုပ်ရှားဖို့ ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ ကျနော်တို့ ဒီဧရာဝတီတိုင်းဆိုတာ လူမျိုးပေါင်းစုံနေထိုင်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသတခုဖြစ်သလို တော်လှန်ရေးအရ သမိုင်းနဲ့ချီပြီးတော့ အစဥ်အလာကြီးခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသတခုလည်းဖြစ်တယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာ ကြီးမြတ်တဲ့တော်လှန်တဲ့ပြည်သူတွေ တော်လှန်ရေးသမားတွေ အများအပြားရှိခဲ့သလို ကျနော်တို့ဒီတိုင်းပြည်ရဲ့ စပါးကျီလို့တင်စားရလောက်အောင် လယ်သမားတွေရဲ့ လုပ်အားနဲ့ တနိုင်ငံလုံးရဲ့ ပြည်တွင်းစားသုံးမှုကို ပြည့်စုံစေတဲ့ဒေသတခုဆိုရင်လည်း မမှားပါဘူး။
အဲ့လိုဒေသမှာ အကြမ်းဖက်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်ကို တွန်းလှန်ပြီးတော့ သာယာဝပြောတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လူမျိုးစုံပြည်သူတွေနဲ့ ပြည်လည်ထူထောင်ဖို့ ကျနော်တို့မှာလည်း ဆန္ဒရှိပါတယ်။ ပြီးတော့ ဒီစစ်ရေးအရ တဆက်တစပ်တည်းရှိမှုတွေ၊ ပထဝီအနေအထားအရ အားသားချက်တွေနဲ့ တော်လှန်ရေးရဲ့ လက်တွေ့ပကတိ အနေအထားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပဲခူးတိုင်းအနောက်ခြမ်းကိုပါ ကျနော်တို့ရွေးချယ်ခဲ့တာ ဖြစ်တယ်။
မေး။ ။ လက်ရှိမှာ PUF အနေနဲ့ရော အဲ့ဒီဒေသတွေအတွင်းမှာ စစ်ရေးဖော်ဆောင်မှုတွေ ရှိနေပါပြီလား။ ဒေသတွင်းတိုက်ပွဲအခြေအနေတွေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ စစ်ရေးဖော်ဆောင်မှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့စစ်ရေးလုံခြုံရေးအရ မဖော်ပြသေး တာပါ။ ဖော်ပြလို့ရတဲ့အချိန်ကျရင် ကျနော်တို့ချပြမှာပါ။

မေး။ ။ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက စစ်ကောင်စီတပ်တွေ အားကောင်းတဲ့နေရာမျိုးတွေဆိုတော့ လက်ရှိမှာရော စစ်ကောင်စီတပ်တွေအခြေအနေ ဘယ်လိုရှိနေပါလဲ။ AA တို့လိုတပ်တွေနဲ့ တိုက်ပွဲတွေလည်း ဖြစ်လာတော့ စစ်ကောင်စီတပ်တွေ ခြေကုပ်ယူထားနိုင်မှုအခြေအနေကို PUF အနေနဲ့ ဘယ်လိုသုံးသပ်ပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့ လက်ရှိရန်သူရဲ့အခြေအနေကတော့ ရန်သူက စက္ကူကျားလည်းဟုတ်သလို တကယ့်ကျား လည်း ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့ စစ်တပ်တခုကို ဖြိုချပစ်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ သို့ပေမယ့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရတဲ့လူထုရဲ့ နိုင်ငံရေး အသိတွေ နိုးကြားထကြွလာတဲ့အခါမျိုးမှာတော့ ကျနော်တို့ကိုယ်တိုင်လည်း ရန်သူအတွက် တကယ်ကျား ဖြစ်လာတာတွေ ရှိပါတယ်။ အခုဆိုရင် မတူညီကြတဲ့ အဖွဲ့အစည်းအသီးသီးကနေ တူညီတဲ့ဘုံရန်သူကို တိုက်နေတာ ဖြစ်တာကြောင့်မို့လို့ ကျနော်တို့ရဲ့တူညီတဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်းရောက်ဖို့ ပိုနီးလာပါပြီ။
မေး။ ။ PUF အနေနဲ့ တစ်နှစ်ပြည့်ပြီဆိုတော့ ဒီတစ်နှစ်အတွင်းမှာ တပ်ဖွဲ့အနေနဲ့လိုအပ်ချက်အရှိဆုံးက ဘာများဖြစ်မလဲ။
ဖြေ။ ။ တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ကျနော်တို့မှ မဟုတ်ပါဘူး၊ အဖွဲ့အစည်း တော်တော်များများမှာ ကြုံလာရတဲ့လိုအပ်ချက်လို့ပဲ ပြောရမှာပဲ၊။ အဓိက, ကတော့ ဘတ်ဂျက်ပိုင်းနဲ့ ဆေးဝါးပိုင်းလို့ ပြောရမှာပေါ့။ ကျနော်တို့မှာလည်း လွတ်မြောက်ဒေသတချို့နေရာတွေမှာ ပြန်လည် ထူထောင်ရေးပိုင်းတွေမှာပါ ကူညီပေးနေတာတွေရှိတော့ ဆေးဝါးပိုင်းနဲ့ ဘတ်ဂျက်ပိုင်းကတော့ လိုအပ်ချက် တော်တော်ကြီးတယ်လို့ ပြောလို့ရပါတယ်။ နောက်တခုကတော့ တပ်သားရေသောက်မြစ်လို့ ပြောရမှာပေါ့။ ကျနော်တို့ တော်လှန်ရေးကာလ ကြာမြင့်လာလေ ရဲဘော်လိုအပ်ချက် ကြီးမားလာလေ ဖြစ်တယ်။
အကြမ်းဖက်စစ်တပ်လို ကျနော်တို့က အရွယ်ရောက်ပြီးသူတိုင်းပေါ်တာဆွဲပြီး ထည့်တာမျိုးမဟုတ်ဘဲ ကိုယ့်ရပ်တည်ချက်၊ ယုံကြည်ချက်နဲ့ ရောက်လာကြတဲ့ရဲဘော်တွေချည်းပဲဆိုတော့ အဲ့ဒီလိုအပ်ချက်ကတော့ ကျနော်တို့မှာလည်း ရှိပါတယ်။ အဲ့ဒါကြောင့်မလို့ လက်နက်ကိုင်တော်လှန်ရေးထဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါချင်တဲ့ လူငယ်တွေနဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ချင်တဲ့လူငယ်တိုင်းကို ကျနော်တို့အနေနဲ့ နွေးထွေးစွာ ကြိုဆိုနေပါတယ်။
ပြီးတော့ အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်၊ နောက်အပတ်စဥ်တွေအတွက်က အမျိုးသမီးတွေကိုပါခေါ်ပြီး သင်တန်းပေးမှာဖြစ်လို့ လူမဆန်တဲ့ဖိနှိပ်အုပ်ချုပ်သူတွေလက်ထဲ ရောက်မသွားစေလိုတာကြောင့်မို့လို့ အမျိုးသမီးတွေအပေါ် သဘောထားမှန်ကန်တဲ့ လူထုလွတ်မြောက်ရေးတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ တော်လှန်ရေးအဖွဲအစည်းတွေဆီ ဆက်သွယ်ချိတ်ဆက်ပြီး ကိုယ်တတ်နိုင်တဲ့အခန်းကဏ္ဍကနေ ပါဝင် အားဖြည့်ပေးဖိုလည်း တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ဆီဆက်သွယ်ပြီး လာရောက်လိုပါကလည်း ကျနော်တို့ဘက်ကနေ နွေးထွေးစွာကြိုဆိုနေပါတယ် ဆိုတာလေးလည်း သိစေလိုပါတယ်ဗျ။
ရှမ်းနီအသံ ပေးပို့သည်။