ချင်းတွင်းမြစ်ကြောင်းအတွင်း ကုန်ပစ္စည်းများတင်ပို့နေသည့် အမြန်ရေယာဉ်များကို ပိတ်ပင်သွားမည်ဟုဆို

By MPM 23 ဖေ‌ဖော်ဝါရီ, 2025 👁 6

စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ချင်းတွင်းမြစ်ကြောင်းအသုံးပြုပြီး ကုန်ပစ္စည်းများတင်ပို့နေသည့် အမြန်ရေယာဉ်များကို စစ်ကောင်စီက ပြေးဆွဲခွင့်ပိတ်ပင်သွားမည့်ဟု သတင်းများထွက်ပေါ်နေသည်ဟု အမြန်ရေယာဉ်လုပ်ငန်း လုပ်ကိုင်သူများနှင့်နီးစပ်သူ ဒေသခံကုန်သည်များက ပြောဆိုသည်။

အမြန်ရေယာဉ်များသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာမြို့မှ ခန္တီးမြို့အထိ ပြေးဆွဲနေခြင်းဖြစ်ပြီး စက်ဆုံးဆီများ၊ အခြေခံစားသောက်ကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အထည်အလိတ်များကို အများဆုံး တင်ပို့နေကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက ရေလမ်းကြောင်းများကို ပြန်ဖွင့်ပေးပြီးနောက်ပိုင်း စစ်ကောင်စီက မုံရွာမြို့ကနေ ပြေးဆွဲခွင့်ပိတ်ပင်သွားမည်ဆိုသော သတင်းများလည်း မရှေးမနှောင်း ထွက်ပေါ်လာသည်ဟု ဒေသခံ အမြန်ရေယာဉ်လုပ်ငန်းရှင်များက ပြောသည်။

ဟုမ္မလင်းမြို့ရှိ ကုန်သည်တစ်ဦးက “အခုက ဘာကြားနေရသလဲဆိုတော့ စစ်တပ်က ရေလမ်းကိုပြန်ပိတ်မယ် ပြောနေတာ။ ဒီရေလမ်းကနေပဲ ထောက်ပို့ (PDF ထောက်ပို့) တွေ အများဆုံး အသုံးပြုနေလို့ မုံရွာကနေ ပိတ်မယ် ပြောနေတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီက အမြန်ရေယာဉ်များသည် ချင်းတွင်းမြစ်တလျှောက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များအတွက် လိုအပ်သည့် ရိက္ခာနှင့် အခြေခံစားသောက်ကုန်များကို သယ်ဆောင်နေခြင်းကြောင့်ဟု ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

ကလေးဝနှင့် ဟုမ္မလင်းမြို့နယ်ကြားရှိ ရွှေပြည်အေးမြို့အနီး၌ ၅ လဝန်းကျင်ကြာ ပိတ်မိနေသည့် အမြန်ရေယာဉ် အစင်း ၅၀၀ ဝန်းကျင်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဖွင့်ပေးလိုက်ခြင်းကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဟုမ္မလင်းမြို့ကို ဆိုက်ကပ်ခဲ့သည်ဟု ဆိုသည်။

“အခု စက်လှ ၄၀၀ လောက် ဟုမ္မလင်းကို ဆိုက်ကပ်လာတယ်။ ကုန်ပစ္စည်းတွေ ၊ စက်သုံးဆီတွေပါတယ်။ တခြား ပစ္စည်းတွေလည်း ပါသေးတယ်၊ ကုန်စျေးနှုန်းကတော့ နည်းနည်းကျမယ်။ ဒီဘက်ကလိုတဲ့ ဒီဇယ်တွေနဲ့ ဘိလပ်မြေတွေပါလာတယ်” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်တလျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက အထက်ပိုင်းဒေသသို့ ကုန်ပစ္စည်းတင်ပို့လျှင် စစ်ရေယာဉ်တန်း ဆယ်နှင့်ချီဖြင့် သွားလာနေရပြီး မကြာခဏ ပိတ်ဆို့ခံရမှုများ ရှိခဲ့သည်။

ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရှိ မြို့နယ်များသည် ရေကြောင်းကိုသာ အဓိကထား အသုံးပြုကြရခြင်းဖြစ်ပြီး ကုန်းလမ်းပိုင်းများသည် ၂၀၂၂ ခုနှစ်မှစပြီး ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့က အပြန်အလှန် ပိတ်ပင်နေကြသည်ဟု ဆိုသည်။

ရှမ်းနီအသံ ပေးပို့သည်။