တနိုင်း၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က နေ့စဉ်နီးပါး ဒရုန်းနှင့်တိုက်ခိုက်နေ

By MPM 20 ဖေ‌ဖော်ဝါရီ, 2025 👁 4

ကချင်ပြည်နယ်အတွင်းက စစ်ရေးတင်းမာမှုဖြစ်နေသည့် တနိုင်းမြို့သွား လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ယခုရက်ပိုင်းအတွင်း ဒရုန်းနှင့်ပစ်ခတ်တိုက်ခိုက် နေသည်မှာ ၁၇ ကြိမ်ထက်မနည်းရှိလာပြီဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

ဝါရာဇွပ်ကျေးရွာအပါအဝင် ရှဒူးဇွပ်၊ စံပြ၊ အောင်ရာနှင့် ဘန်ကောက်ကျေးရွာတို့ကို ထိန်းချုပ်ထားသည့် မင်းဇေသန့်ပြည်သူအဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစတင်ပြီး ဝါရာဇွပ်ကျေးရွာအလယ်တည့်တည့် အရပ်သား ပြည်သူကိုပစ်မှတ်ထားပြီး နေ့တိုင်းလိုလိုပင် ဒရုန်းနှင့်ပစ်ခတ် တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဝါရာဇွပ်ဒေသခံတစ်ဦးက “ဝါရာဇွပ်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂ ရက်လောက်ကနေ အခြေအနေ စတင်တင်းမာ လာတယ်လို့ပြောလို့ရမယ်။ KIA ဘက်ကနေ အဝင်အထွက် ရှိလာတယ်ပေါ့။ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဆိုရင် မင်းဇေသန့်အဖွဲ့ကနေ ရွာကိုဗုံးကြဲတိုက်ခိုက်တာ ၁၇ ကြိမ် ရှိသွားပြီ။ အဲ့ထဲမှာက လေယာဉ်နဲ့ တစ်ကြိမ် လာပစ်တယ်။ လေယာဉ်ပစ်ခံရတဲ့ဖြစ်စဉ်မှာက အရပ်သားတစ်ဦးသေဆုံးသွားတယ်” ဟု ပြောသည်။

ဝါရာဇွပ်ကျေးရွာကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ ဒရုန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွင် အရပ်သားပြည်သူ ထိခိုက် သေဆုံးခြင်းမရှိပေမယ့် ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်း လမ်းနေရာလမ်းတောင့်တို့တွင် ကျမှန်ပေါက်ကွဲခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

ယင်းသို့ဒရုန်းနှင့်ပစ်ခတ်မှုကို ဘန်ကောက်ကျေးရွာ မင်းဇေသန့်ပြည်သူ့စစ်ဂိတ်ရှိသည့်နေရာနှင့် စံပြကျေးရွာရှိ ပြည်သူ့စစ်တပ်စခန်းကနေ လှမ်းထောက်ပစ်ခတ်နေကြောင်းနှင့် တစ်ရက်ကို အနည်းဆုံး ၂ ကြိမ်ခန့် ပစ်ခတ် တိုက်ခိုက်နေသည်ဟု ဝါရာဇွပ်ဒေသခံများက ပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင်မင်းဇေသန့်လက်ချက်ဖြင့် ဝါရာဇွပ်ကျေးရွာကို ဒရုန်းအပြင် လေကြောင်းနှင့်ပါ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူအားလုံး အသက်ဘေးအန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း ဝါရာဇွပ်ဒေသခံ နောက်တစ်ဦးက ထပ်ပြောသည်။

“မင်းဇေသန့်ကိုပြောချင်တာက သူ့ကိုရန်ပြုနေတဲ့သူတွေဆိုရင် စစ်အရနိုင်အောင်ပဲတိုက်ပါ။ အပြစ်မရှိတဲ့ ဒေသခံတွေကို မနှိပ်စက်ပါနဲ့။ ကျနော်တို့ပြည်သူတွေက ဘာမှမသိဘူး။ ပြီးရင် ရွာထဲမှာက KIA လည်းမရှိဘူး။ KIA ရှိတဲ့ဘက်ကိုပစ်ပါ” ဟု ၎င်းက ပြောသည်။

နေ့စဉ်လိုလို ဒရုန်းနှင့်ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ဝါရာဇွပ်ကျေးရွာနေ ဒေသခံပြည်သူတွေအများစုက ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ပိုင်းကစ၍ ဘေးကင်းလုံခြုံသော နေရာများသို့ တိမ်းရှောင်ထွက်ပြေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

ဝါရာဇွပ်ကျေးရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်ကပါ ဗုံးကြဲခဲ့သည့်အတွက် ရွာလုံးကျွတ် ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်းနှင့် လက်ရှိ၌ KIA နှင့် မင်းဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ကြား စစ်ရေးတင်းမာနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ဝါရာဇွပ်ကျေးရွာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်အတွင်း အသက် ၂၇ နှစ်အရွယ် ဒေသခံအရပ်သား တစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု ၎င်းတို့က ပြောသည်။

ယခုလို ဝါရာဇွပ်ဒေသတွင် KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုဖြစ်နေသည်မှာ ၁၀ ရက် ခန့် ကြာမြင့်လာပြီးဖြစ်သည့်အတွက် ဝါရာဇွပ်ကျေးရွာနှင့် ထိစပ်နေသည့် ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ၊ ဘန်ကောက်၊ နောင်းမီ ဒေသခံများသည်လည်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

KNG ပေးပို့သည်။