ရခိုင်ဒေသတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများမှ မွတ်ဆလင်ဒေသခံများ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရရှိနေကြပြီဟု မွတ်ဆလင်အများစုက ပြောဆိုကြသည်။
ယင်းအပြင် AA ထိန်းချုပ်မှုအောက်တွင် မွတ်ဆလင်များအနေဖြင့် လယ်အလုပ် လုပ်ကိုင်ခြင်း၊ ငါးဖမ်းထွက်ခြင်း၊ ကုန်ရောင်းကုန်ဝယ်ခြင်းနှင့် ကျပန်းအလုပ်အကိုင်များကို လွတ်လပ်စွာ လုပ်ကိုင်ရှာဖွေ စားသောက်ခွင့် ရကြသည်ဟုလည်း ပြောဆိုသည်။
အသက် ၄၆ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးဒေါ်မေရီက “ခရီးအဝေးတွေကိုလည်း သွားလို့ရပါတယ်။ လွတ်လပ်မှုတော့ ရှိပါတယ်။ အရင်စစ်ကောင်စီလက်ထက်မှာဆိုရင် ထောက်ခံစာတွေ လိုပါတယ်။ ခရီးအဝေး သွားမယ်ဆိုရင် မှတ်ပုံတင်လိုပါတယ်။ မှတ်ပုံတင်တွေက သူတို့ထုတ်မပေးတော့ ထောက်ခံစာတွေနဲ့ သွားခဲ့ရ တယ်။ အဲလိုအခက်အခဲ ရှိခဲ့ပါတယ်” ဟု ပြောသည်။
ယခင် စစ်ကောင်စီ ထိန်းချုပ်ထားစဉ်ချိန်က ရခိုင်ဒေသနေ မွတ်ဆလင်များမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) တို့၏ ကန့်သတ်တားမြစ် ချုပ်ချယ်မှုများကြောင့် တနေရာမှတနေရာသို့ သွားလာခွင့်မရရှိခဲ့ကြောင်း ပြောပါသည်။
၇ဝ အရွယ် မွတ်ဆလင်ရပ်မိရပ်ဖဦးကာလာက “အရင်ကဆို လဝကက ထောက်ခံစာတစ်ခုယူမယ် ဆိုရင် တောင် ငါးသောင်း၊ ခြောက်သောင်း၊ ခုနစ်သောင်း ပေးရပါတယ်။ အဲဒါနဲ့ သွားပြန်ရင်လည်း ဟိုကတောင်းစား၊ ဒီကတောင်းစားနဲ့။ အခုတော့ ကောင်းသွားပြီ။ မြောက်ဦးသွားမယ်ဆိုလည်း သွား။ ဥပမာ- မောင်တော၊ ဘူးသီးတောင်ကို သွားမယ်ဆိုရင်လည်း သွားလို့ရတယ်။ အိန္ဒိယသွားမယ်ဆိုရင်လည်း သွားလို့ရတယ်။” ဟု ပြောသည်။
ယင်းအပြင် AA ၏ အုပ်ချုပ်ရေးကဏ္ဍတွင် မွတ်ဆလင်အများအပြား တာဝန်ထမ်းဆောင်လျက်ရှိကြောင်းနှင့် AA တပ်ဖွဲ့ဝင်များကလည်း မွတ်ဆလင်များအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှုမရှိဘဲ နွေးထွေးစွာ ပြောဆို ဆက်ဆံကြသည်ဟု မွတ်ဆလင်များက ပြောသည်။
AA ထံတွင် မွတ်ဆလင်အများအပြား တာဝန်ထမ်းဆောင်နေခြင်းမှာ ဟုတ်မှန်သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ၂ဝ၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတိအလင်း ပြောဆိုခဲ့ဖူးပါသည်။
သို့သော် တိုက်ပွဲကာလဖြစ်သည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်ဈေးမြင့်တက်နေ၍ လက်လုပ်လက်စား မွတ်ဆလင်များမှာ စားရေး၊ သောက်ရေး ခက်ခဲနေကြရသည်ဟု ပြောဆိုကြသည်။
အသက် ၄ဝ အရွယ်ဒေါ်အေးကျီက “စားဝတ်နေရေးက အရင်တုန်းကလိုတော့ အဆင်မပြေဘူး။ ဘာလို့လဲ ဆိုတော့ အရင်လိုလည်း အလုပ်မလုပ်ရဘူး။ အခု အလုပ်လုပ်ရရင်လည်း ကုန်ဈေးနှုန်းတွေက ဈေးတက်နေတော့ အဆင်မပြေဘူး။…… တခါတလေ ဆန်တောင်မဝယ်နိုင်တဲ့ နေ့တွေတောင်ရှိတယ်” ဟု ပြောသည်။
အလားတူ တိုက်ပွဲကာလဖြစ်၍ မွတ်ဆလင်များလည်း ဆေးဝါးအထောက်အပံ့များ မရရှိကြသလို နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ယခင်ကလို မရှိတော့ကြောင်း ပြောဆိုကြသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်၊ ဗုံးဒဏ်များနှင့်အတူ လေကြောင်းမှ ဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများထဲတွင် မွတ်ဆလင်များလည်း အများအပြားပါဝင်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယင်းအပြင် ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက မွတ်ဆလင်အများအပြားကို အတင်းအဓမ္မ စစ်မှုထမ်းသင်တန်းပေးပြီး တိုက်ပွဲများအတွင်း အသုံးချစေခိုင်းမှုများလည်း ရှိခဲ့သည်ဟု မွတ်ဆလင်များက ပြောသည်။
တဖက်တွင်လည်း လက်ရှိ၌ ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူတို့တွင် မွတ်ဆလင်ထောင်နှင့်ချီကို အဓမ္မစစ်မှုထမ်းစေပြီး စစ်ကောင်စီတပ်စခန်းများ၌ တာဝန်ချထားသည်ဟု ၎င်းတို့က ပြောသည်။
နိရဉ္စရာ ပေးပို့သည်။