လွတ်ရက်စေ့ရိုဟင်ဂျာ ၁၀၀၀ နီးပါးကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ထောင်အာဏာပိုင်များက ခေါ်ထုတ်သွား

By MPM 18 ဖေ‌ဖော်ဝါရီ, 2025 👁 2

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့သည့် ရိုဟင်ဂျာအယောက် ၁၀၀၀ နီးပါးကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ထောင်အာဏာပိုင်များက ခေါ်ထုတ်သွားသည်ဟု အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။

အဆိုပါ အကျဉ်းသားရိုဟင်ဂျာများမှာ အင်းစိန်ထောင်ရှိ အကျဉ်းသားများသာမက စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များမှလည်းပါဝင်ပြီး ရှေ့တန်းသို့ပို့ဆောင်ရန် ခေါ်ထုတ်သွားခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (PPNM) မှ ကိုသိုက်ထွန်ဦးက “အားလုံးက ရခိုင် ပြည်ဘက်မှာ အဓိက မိတဲ့သူတွေဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းအကျဉ်းထောင်တွေမှာ ဖမ်းမိတာတွေ လည်း ပါတယ်။ တစ်နိုင်ငံလုံးက လွတ်ရက်စေ့တဲ့ ဟင်ဂျာတွေကို သူတို့ခေါ်ထားတာ ဖြစ်ပါတယ်။ အင်းစိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စုစည်းခိုင်းပြီးတော့မှ ဒီနေ့မှာမှရွှေ့လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါရိုဟင်ဂျာများတွင် အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၂၇၆ ဦးနှင့် ကလေး ၆၇ ဦး စုစုပေါင်း ၉၂၇ ဦးတို့ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်တွင် Express ကားများဖြင့် လာရောက်ခေါ်ဆောင်သွားကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကိုခေါ်ထုတ်သွားသည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့သည် ရုံးပိတ်ရက်ဖြစ်သော်လည်း အင်းစိန်ထောင်၌ ရိုဟင်ဂျာများအတွက် အထောက်အထားကတ်များ ပြုလုပ်ပေးခဲ့ပြီး ရခိုင်ပြည်၊ စစ်တွေမြို့သို့ ရေကြောင်းဖြင့် ခေါ်ဆောင်သွားမည်ဟု နိုင်ကျဉ်းဟောင်းများမှတဆင့် သိရသည်။

ကိုသိုက်ထွန်းဦးက “ဒါပထမဆုံးအကြိမ် အင်အားအလုံးအရင်းနဲ့ကိုမှ သူတို့ လွတ်ရက်စေ့ပြီးသားလူတွေကို အခုမှ ပို့တာဖြစ်တယ်။ အဲ့ဒီတွက်ကြောင့် ရှေ့တန်းကိုပို့မယ် မပို့ဘူးဆိုတာတော့ နောက်ဆက်တွဲသတင်းအနေနဲ့ရရှိဖို့ အရမ်းခက်ခဲနေပြီပေါ့နော်။ ဒါဟာ အင်မတန်စိုးရိမ်ရတယ်။ စစ်ကောင်စီအနေနဲ့ ဒါနိုင်ငံရေးအရရော စစ်ရေးအရရော သူတို့အကျိုးအမြတ် အများကြီးထုတ်လို့တယ်ကိစ္စဖြစ်တယ်” ဟု ဆက်ပြောသည်။

PPNM ရရှိထားသည့် အချက်အလက်များအရ ယခင်နှစ်များကလည်း လွတ်ရက်စေ့သည့် ရိုဟင်ဂျာအကျဉ်းသားကို တစ်နှစ်ခွဲကျော်အထိ ပြန်လည်ချုပ်နှောင်ထားခဲ့သည်များ ရှိခဲ့ဖူးသည်ဟု ဆိုသည်။

မြေပြင်တွင်ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်က ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းများအား ပြန်လည်ဖန်တီးနေပြီး ရခိုင်ပြည်တွင် ဆက်သွယ်မှုကွန်ရက်များ ပြတ်တောက်နေသဖြင့် သတင်းအချက်လက်များ လေ့လာစောင့်ကြည့်ပေးကြရန် ပြည်သူများအား PPNM က တိုက်တွန်းထားသည်။

NMG ပေးပို့သည်။