တနင်္သာရီမြို့၊ ညောင်ပင်ကွင်းရွာ ဗုံးကြဲခံရလို့ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျ

By MPM 18 ဖေ‌ဖော်ဝါရီ, 2025 👁 7

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်လေယာဉ်နှင့် ဗုံးကြဲမှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်၌ ညောင်ပင်ကွင်းကျေးရွာကို လေယာဉ်နှင့် လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကြဲခံရမှုကြောင့် စာကြည်တိုက်တစ်လုံးအပါအဝင် ဒေသခံနေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများကပြောသည်။

ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်ဗုံးမကြဲမီ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက ညောင်ပင်ကွင်းကျေး ရွာနှင့် သိန်းခွန်ကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ညောင်ပင်ကွင်းကျေးရွာ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး မောတောင် – တနင်္သာရီ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာသည့်အတွက် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေသည်။

သံလွင်တိုင်းမ် ပေးပို့သည်။