စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် ရခိုင်တွင် ယခုဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အရပ်သားသေဆုံးသူ ၇ ဦး ရှိပြီး၊ ဒဏ်ရာရရှိသူ ၂၅ ဦး စုစုပေါင်း သေဆုံးဒဏ်ရာရသူ ၃၂ ဦး အထိရှိခဲ့သည်ကို မှတ်တမ်းပြုစုထားသော စာရင်းအချက်အလက်များအရ သိရသည်။
မောင်တော၊ ဂွနှင့် တောင်ကုတ်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၇ ခုရှိပြီး သေဆုံးဒဏ်ရာရရှိသူ ၁၇ ဦး ရှိခဲ့သည်။
ကျောက်တော်၊ ဂွမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၅ ခုရှိခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူ ၁၂ ဦးရှိခဲ့ကာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ၃ ဦးအထိ ရှိခဲ့သည်။
ထိုအချက်အလက်များအရ အရပ်သားထိခိုက်သေဆုံးမှု ဖြစ်စဉ်များထဲတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။
“ရခိုင်မှာ စစ်ပွဲပြီးရင်တောင် မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်သေဆုံးတာကို အများကြီး ကြုံရအုံးမယ်။ ဒေသခံတွေမှာ စစ်ကျန်လက်နက်နဲ့ပတ်သက်တဲ့ အသိပညာက အရမ်းအားနည်းလို့ စစ်ကျန်ဗုံးသီးကို ကစားတာတွေအထိ ဖြစ်နေတာပေါ့။ ဒီကိစ္စတွေကို လက်ရှိ အာရက္ခပြည်သူ့အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေ အားလုံးပူးပေါင်းဖြေရှင်းရင် လျော့ကျသွားနိုင်ခြေရှိတယ်” ဟု မြောက်ဦးဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနား (မွတ်ဆလင်) ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ကျေးရွာအတွင်းမိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၄ ကြိမ် အထိရှိပြီး ထိုဖြစ်စဉ်အတွင်း သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးအထိ ရှိခဲ့သည်။
အဆိုပါကျေးရွာအတွင်း၌ပင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များ ကြုံတွေ့နေရသဖြင့် တိုက်ပွဲများ ကြောင့် ဘေးလွတ်ရာနေရာအသီးသီးတွင် တိမ်းရှောင်နေကြသူများမှာ နေရပ်ပြန်ရေး စိုးရိမ်ကြောက်လန့်နေကြသည်။
“နောက်လဆိုရင် နေရပ်ပြန်တော့မလို့။ အခုလို မိုင်းပေါက်နေတာတွေ ဆက်တိုက်ကြားနေရတော့ မောင်တော ပြန်ရောက်ဖြစ်ရင်တောင် ဘယ်နားမှာ မိုင်းရှိလဲဆိုတဲ့စိုးရိမ်စိတ်နဲ့ ဘယ်ကိုမှ သွားရဲလာရဲမှာမဟုတ်ဘူး” ဟု မောင်တောဒေသခံ မဌေးဌေးမြင့်က ပြောသည်။
အခြားတဖက်တွင်လည်း စစ်ကောင်စီက အရပ်သားများ နေထိုင်ရာမြို့ / ရွာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ၍ ဒေသခံများမှာ မြေမြှုပ်မိုင်းနှင့် လေကြောင်းအန္တရာယ်များကို ဒွန်တွဲစိုးထိတ်နေကြရသည်။
ဂွဒေသခံ အမျိုးသမီးတစ်ဦးက “အဓိကတော့ AA သိမ်းထားတဲ့နေရာလည်းဖြစ်နေတော့ နေရာတိုင်းမှာ ဗုံးလာကြဲနေတာ။ ကြဲတော့လည်း အရပ်သားနေတဲ့ နေရာတွေပဲ။ ပြီးရင် အရပ်သားထိခိုက်တာရှိရင်လည်း AA တွေရှိနေလို့ ကြဲသလို ဝါဒဖြန့်နေတာ။ ကြားထဲမှာ ပြည်သူအသက်က ကြက်၊ ငှက်လောက်တောင် တန်ဖိုးမရှိတော့ဘူး” ဟု ပြောသည်။
ရခိုင်တွင် ယခုနှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ၁၅၈ ဦး အထိရှိကြောင်း ကောက်ယူထားသည့် စာရင်းမှတ်တမ်းများအရ သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။