တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ရာချီ ဝမ်းရောဂါနှင့်ယားနာရောဂါများ ဖြစ်ပွားနေ

By MPM 15 ဖေ‌ဖော်ဝါရီ, 2025 👁 6

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များထဲ စစ်ရှောင် ၂၀၀ ကျော်တွင် ဝမ်းရောဂါနှင့်ယားနာရောဂါများ ဖြစ်ပွားနေကြသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူတို့က ပြောသည်။

ရောဂါဖြစ်ပွားနေသူများတွင် တောတောင်နှင့် ဥယျဉ်ခြံများထဲ၌ စစ်ရှောင်နေရသူအများစုပါဝင်ပြီး သောက်သုံးရေ မလုံလောက်မှု၊ ယင်လုံအိမ်သာမရှိတာကြောင့် ဖြစ်သလိုနေထိုင်ရခြင်းကြောင့် ရောဂါများ ဖြစ်ပွားလာရသည်ဟုဆိုသည်။

ရောဂါဖြစ်ပွားနေသူများထဲတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး ရှိသည့်ဆေးဝါးများနှင့်သာ ကုသပေးနေသော်လည်း ဆေးဝါးမလုံလောက်ခြင်းကြောင့် ရောဂါဖြစ်ပွားမှုကို မထိန်းချုပ်နိုင်သည့်အခြေအနေ ရှိနေသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူတို့က ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အဆိုပါဒေသမှ နယ်မြေများကို စားသောက်ကုန်၊ စက်သုံးဆီနှင့် ဆေးဝါးသယ်ယူမှုတို့ကို ကန့်သတ်ထားတာကြောင့် ဆေးဝါးပြတ်လပ်မှုတို့ ရှိနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး တနင်္သာရီ – မောတောင်လမ်းပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုလည်း များနေသလို လေကြောင်းကနေ ဗုံးကြဲခံရမှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဒေသခံ ၅ ဦး ထက်မနည်း သေဆုံးထားပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ရေဖြူ၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာများက ဒေသခံ ၂,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရသည်မှာ နှစ်လကျော် ကြာမြင့်လာပြီ ဖြစ်သည်။

တနင်္သာရီမြို့နယ်ထဲတွင် ကျေးရွာပေါင်း ၁၇၀ ကျော်ရှိပြီး တကူ၊ ပဝ၊ ဘန်းလမွတ်ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာပေါင်း ၁၂၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်တို့ဘက်က ထိန်းချုပ်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။