“KNU ရဲ့ ရှေ့ဆက်ရမယ့်ရည်မှန်းချက်၊ ရည်ရွယ်ချက်ပြည့်မြောက်ဖို့ ပါဝင်ပတ်သက်မှုအားနဲ့ အားပြုယူရမှာပါ။ ဒါကို အားလုံးသက်ဆိုင်မှုရှိကြောင်း သက်သေပြဖို့လိုပါတယ်။ ဒီနောက်မှာ KNU ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေးမျှော်မှန်းချက်အတွက် ခုနကပြောသလို ပိုင်ခြင်းနဲ့ဆိုင်ခြင်းအောက်မှာ အားလုံးပါဝင်သွားကြမယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကို ရနိုင်မှာဖြစ်ပါတယ်” ပဒိုစောလှထွန်း/ တွဲဘက်အတွင်းရေးမှူး (၂) – KNU

0
239
ပုံစာ - KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း

KNU တည်ထောင်ခြင်း “ ၇၈” နှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရသည့်စိန်ခေါ်မှုများ၊ ပြည်သူများပူးပေါင်းပါဝင်မှု၊ တော်လှန်ရေးမျှော်မှန်းချက်များနှင့် ပတ်သက်ပြီး KNU – ကရင့်အမျိုးသားအစည်းအရုံး၏ တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းချက်။

ကရင့်အမျိုးသားအစည်းအရုံး – KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ ကျင်းပသည့် တစ်နိုင်ငံလုံးရှိကရင်လူမှုအဖွဲ့အစည်းများ အစည်းအဝေးတွင် စတင်တည်ထောင်ခဲ့ရာတွင် ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် KNU တည်ထောင်ခြင်း “၇၈” နှစ် ပြည့်ပြီဖြစ်သည်။

ကရင့်နိုင်ငံရေး၊ အမျိုးသားရေး ဦးဆောင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့သည့် KNU ၏ “၇၈” နှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများ၊ KNU ၏ လုပ်ဆောင်ချက်အပေါ် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှု၊ တော်လှန်ရေးမျှော်မှန်းချက်များအား သိရှိနိုင်ရန် KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ KNU ရဲ့ လုပ်ဆောင်ချက်က ကရင်လူမျိုးများအတွက် ဘာကြောင့်အရေးပါလဲဆိုတာ အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ။ ။ KNU သာမရှိခဲ့ဘူးဆိုရင် လူမျိုးဖျောက်ချင်တဲ့ မဟာလူမျိုးကြီးဝါဒအောက်မှာ ကျနော်တို့လူမျိုးစုတွေ ဟာ ပျောက်ပျက်သွားမှာဖြစ်ပါတယ်။ KNU ရှိနေလို့သာ ကျနော်တို့တွေဟာ လူမျိုးတစ်မျိုးအနေနဲ့ ရှင်သန်နိုင်ခြင်း၊ လူမျိုးတစ်မျိုးရဲ့ ဝိသေသလက္ခဏာရှိနေနိုင်ခြင်း၊ စာပေ၊ ယဥ်ကျေးမှု၊ ဘာသာစကားတွေ ရှင်သန်နေခြင်းဆိုင်ရာ အမျိုးသားရေး ရပ်တည်ချက်တွေကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်ကလူမျိုးတွေဟာ သူ့လူမျိုးအလိုက် အသက်ရှင်ရပ်တည်ကြရတယ်။ ဒီအတိုင်းပဲ ကျနော်တို့ကရင်လူမျိုး ဟာလည်း လူမျိုးတစ်မျိုးရဲ့ ဂုဏ်အင်္ဂါ၊ လက္ခဏာ၊ သမိုင်း၊ စာပေယဥ်ကျေးမှု၊ ခေတ်နဲ့အညီ တိုးတက်ရှင်သန် ကြရမှာဖြစ်တယ်။ ဒီအတွက် ကရင်အမျိုးသားတွေရဲ့မျှော်မှန်းချက်အတွက် တည်ဆောက်ခဲ့တဲ့ KNU ရဲ့လမ်းစဥ် အတိုင်းသွားကြရမှာ ဖြစ်ပါတယ်။

မေး။ ။ KNU ရပ်တည်လာတဲ့ နှစ်ပေါင်း “၇၈” နှစ်ကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါလဲ။

ဖြေ။ ။ ကရင်လူမျိုးတစ်မျိုးဆိုတာပျောက်ကွယ်သွားအောင် လုပ်ဆောင်ခဲ့တာကလည်း KNU အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့နောက်ကနေ အစိုးရအဆက်ဆက် တိုင်းရင်းသားတွေကို ကျနော်တို့ကရင်လူမျိုးတွေကို လူမျိုးပြုတ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးက တကယ်ကို ကျနော်တို့ကြမ်းတမ်းခက်ခဲစွာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီအတောအတွင်း အစိုးရအဆက်ဆက်ရဲ့ သပ်လျှိုဖြိုခွဲမှုအောက်မှာ ကျနော်တို့စည်းလုံးညီညွှတ်မှုတွေ ပြိုကွဲခဲ့တယ်။

ကရင့်အမျိုးသားတွေကြား နိုင်ငံရေးကိုနားမလည်အောင်၊ ကရင့်အမျိုးသားတွေကြား စည်းလုံးမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတဲ့ရန်သူက ဖန်တီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် KNU အင်အားချည့်နဲ့ ခဲ့တယ်။ အင်အားချည့်နဲ့ခဲ့တာကို အခွင့်ကောင်းယူပြီး ကျနော်တို့နယ်မြေတွေကို ဆိုးသွမ်းရက်စက်တဲ့ စစ်ဆင်ရေး တွေလုပ်ဆောင်ခဲ့တာက KNU ဖြတ်သန်းမှုသမိုင်းမှာ စိန်ခေါ်မှုကြီးကြီးမားမား ဖြစ်စေခဲ့တာပါ။ ၁၉၉၄ ခုနှစ်မှာ မာနယ်ပလောကနေ DKBA ပေါ်လာအောင် လုပ်ဆောင်ပြီးတော့ ဌာနချုပ်ကိုသိမ်းခြင်း၊ ကရင်အမျိုးသား အချင်းချင်းကြား တိုက်ပွဲတွေဖန်တီးခြင်းတွေက KNU အတွက်စိန်ခေါ်မှုဖြစ်ပြီး KNU ရဲ့ ရှင်သန်ရပ်တည်ရေး အတွက် တော်လှန်ရေးမုန်တိုင်းထဲမှာ ဖြတ်သန်းခဲ့ရတဲ့ပုံတွေ ဖြစ်ပါတယ်။

မေး။ ။ တည်ထောင်ခြင်း “ ၇၈” နှစ်ပြည့်အနေနဲ့ ပြည်သူကို KNU က ဘာတွေအားပေးတိုက်တွန်းချင်ပါလဲ။

ဖြေ။ ။ KNU တည်ထောင်ခြင်း “၇၈” နှစ်ပြည့်မှာ KNU နဲ့ ကရင့်အမျိုးသားလူထုတွေကြားထဲမှာ စည်းလုံး ညီညွှတ်ရေးဆိုတဲ့အချက်က အဓိကဖြစ်တာပေါ့နော်။ ဒီ ၇၈ နှစ်တာထဲမှာ အခက်အခဲစိန်ခေါ်မှုတွေ အများကြီးထဲ ကနေ KNU အောက်ကနေ ကွဲထွက်သွားကြတဲ့အဖွဲ့အစည်းတွေလည်းများစွာ ရှိခဲ့ပါတယ်။ ဒါဟာဘာကြောင့်လဲ ဆိုရင် ကျနော်တို့ရဲ့စုစည်းမှုကိုမမြင်ချင်တဲ့ မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်ကိုကိုင်ဆွဲတဲ့ လူအုပ်စုတွေက သပ်လျှိုဖြိုခွဲမှုကို ကိုင်ဆွဲပြီးတော့ ကရင့်အမျိုးသားတွေရဲ့ စည်းလုံးညီညွှတ်မှုကို ဖြိုခွဲခဲ့လို့ပဲဖြစ်တယ်။

ဒါကြောင့် စည်းလုံးညီညွှတ်မှုကို ပြန်တည်ဆောက်တဲ့နေရာမှာ ဘာကြောင့်ကွဲခဲ့ရသလဲဆိုတာကို သိကြဖို့ လိုတယ်။ ကွဲခဲ့ရတဲ့ အခြေခံအကြောင်းအရင်းကိုသိမှသာ စည်းလုံးညီညွှတ်မှုကို ပြန်တည်ဆောက်နိုင်မှာဖြစ်တယ်။ တည်ဆောက်ရာမှာလည်း ကရင့်အမျိုးသားတွေရဲ့ အမျိုးသားရေးမျှော်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်ကို မဏ္ဍိုင်ပြုပြီး တည်ဆောက်ရမှာဖြစ်တယ်။ စည်းလုံးညီညွှတ်အောင်လုပ်ဆောင်ရာမှာ သတ်မှတ်ထားတဲ့ စည်းမျဥ်း စည်းကမ်း မရှိဘဲနဲ့ ပြန်တည်ဆောက်ဖို့ဆိုတာ ခက်ခဲနိုင်တာဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်ကို သိရှိရမယ်။ ပြီးရင် ကရင့်အလံတော်တစ်ခုတည်းအောက်မှာ တည်ဆောက်ဖို့လိုမှာ ဖြစ်ပါတယ်။

မေး။ ။ KNU ရဲ့လုပ်ဆောင်ချက်အားကောင်းလာအောင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအားက ဘယ်လောက်ထိ လိုအပ်ပါလဲ၊ ပြည်သူတွေအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်သင့်ပါလဲ။

ဖြေ။ ။ KNU ရပ်တည်နေနိုင်တာက ပြည်သူတွေရဲ့ထောက်ခံအသိမှတ်ပြုမှု၊ အားပေးမှုရှိလို့ ရှင်သန်ရပ်တည် နေနိုင်တာဖြစ်ပါတယ်။ ဒါတွေသာမရှိရင် KNU က ကျဆုံးတဲ့အဖွဲ့အစည်း ဖြစ်နေမှာပါ။ တဖက်မှာလည်း KNU ရဲ့ နိုင်ငံရေးလမ်းစဥ်၊ လုပ်ငန်းစဥ်တွေ မှန်ကန်တဲ့အတွက်ကြောင့်သာ ရပ်တည်နေနိုင်တာလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုဟာ KNU အတွက်သာမက တော်လှန်ရေးအတွက် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတိုင်းအတွက် လိုအပ်နေတဲ့အရာဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့ပြည်သူလူထုရဲ့အားကိုလိုတယ်။ လုံခြုံမှုနဲ့ အာမခံချက်ရရှိစေမယ့် ပြည်သူတွေရဲ့ဘဝ ဖြစ်ဖို့ကလည်း ကျနော်တို့ကအာမခံပေးရမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျနော်တို့တွေ ပူးပေါင်းလုပ်ဆောင်ရမယ့် အပိုင်းဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ဒါကိုသိရှိပြီး ပူးပေါင်းပါဝင်ပြီး ကျနော်တို့အတူတကွ ပါဝင်တဲ့တော်လှန်မှုမျိုး အနေနဲ့ သွားရမှာဖြစ်ပါတယ်။ ဒါမှသာ အောင်မြင်မှုရရှိမှာပါ။

မေး။ ။ လက်ရှိမှာ တော်လှန်ရေးက တော်တော်လေး အားကောင်းလာတဲ့အနေအထားရှိတယ်။ ရှေ့ဆက် အနာဂတ်မှာ KNU ရဲ့ တော်လှန်ရေးအပေါ် မျှော်မှန်းချက်ကဘယ်လိုရှိပါလဲ။

ဖြေ။ ။ သေချာတာကတော့ KNU ရဲ့ ဖြစ်တည်ခြင်းနဲ့ပြန်စရမှာပါ။ KNU ဖြစ်တည်ခြင်းက ကရင်ပြည်သူတွေက ဖွဲ့စည်းပေးခဲ့တာပါ။ ဒါကြောင့် ကရင်ပြည်သူလူထုပဲပိုင်ပါတယ်။ KNU ကို ကရင်ပြည်သူတွေ ဆိုင်ကြရမှာပါ။ ဒီလို မဆိုင်အောင်လုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်အာဏာရှင်အစိုးရနဲ့ မဟာလူမျိုးကြီးဝါဒအုပ်စုတွေက သပ်လျှိုဖြိုခွဲမှု ပေါင်းများစွာလုပ်ခဲ့တာ၊ ကျနော်တို့ KNU နဲ့ မပတ်သက်ရဲအောင် လုပ်ခဲ့တဲ့ ဖြတ်လေးဖြတ်တွေ၊ KNU နဲ့ အဆက်အသွယ်လုပ်လို့ ဖမ်းဆီးသတ်ဖြတ်မှုတွေက KNU နဲ့ မဆိုင်အောင် လုပ်ခဲ့တာတွေဖြစ်ပါတယ်။

ဒါကြောင့် KNU ရဲ့ ရှေ့ဆက်ရမယ့်ရည်မှန်းချက်၊ ရည်ရွယ်ချက်ပြည့်မြောက်ဖို့ ပါဝင်ပတ်သက်မှုအားနဲ့ အားပြုယူရမှာပါ။ ဒါကို အားလုံးသက်ဆိုင်မှုရှိကြောင်း သက်သေပြဖို့လိုပါတယ်။ ဒီနောက်မှာ KNU ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေးမျှော်မှန်းချက်အတွက် ခုနကပြောသလို ပိုင်ခြင်းနဲ့ဆိုင်ခြင်းအောက်မှာ အားလုံးပါဝင်သွားကြမယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကို ရနိုင်မှာဖြစ်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောပြလိုတာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ KNU က “၇၈” နှစ်တိုင်ရှိခဲ့တဲ့ အနေအထားကတော့ ဂုဏ်ယူရမှာဖြစ်သလို၊ ဒီအထိ ရှင်သန်ခဲ့တာက ပြည်သူရဲ့အားပေးမှုကြောင့်လို့ နားလည်ရမှာပါ။ ဒီအတောအတွင်း အသက်သွေးချွေးပေးဆပ်ခဲ့ရတဲ့ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်တွေ ပြည်သူတွေကြောင့် ကျနော်တို့ရပ်တည်နိုင်တာလည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း “၇၈” နှစ်ပြည့်ကနေ ဦးညွှတ်ရမှာဖြစ်ပါတယ်။ ရှေ့ဆက်မှာလည်း KNU ရဲ့ ရှင်သန်မှုကို သယ်ဆောင်လာရင်း ကရင်အမျိုးသားတွေလိုချင်တဲ့ အမျိုးသားရေး မျှော်မှန်းချက်၊ ရည်ရွယ်ချက်တွေကိုလည်း ဆက်လက်စုပေါင်းလုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here