28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ပြည်သူတွေ တကယ်အမှန်တရားနဲ့ ဝေးကွာလာမယ်။ သတင်းတု၊သတင်းမှားတွေ ဝါဒဖြန့် လိမ်လည်မှု

“ပြည်သူတွေ တကယ်အမှန်တရားနဲ့ ဝေးကွာလာမယ်။ သတင်းတု၊သတင်းမှားတွေ ဝါဒဖြန့် လိမ်လည်မှု

ဖေ့ဘုတ်လ်ပေါ်လစီပြောင်းလဲမှုပြီးနောက် Facebook Platform ပေါ်သို့ ပြန်လည်ခြေချရန်ကြိုးပမ်းနေသည့် စစ်လော်ဘီများ၊ သတင်းတုသတင်းမှား အန္တရာယ်များနှင့်ပတ်သက်ပြီး သတင်းတုများကို ဖော်ထုတ်နေသည့် The Red Flag အဖွဲ့၏ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

လူမှုကွန်ရက်ဆိုရှယ်မီဒီယာများထဲ လူသုံးပြုမှုအများဆုံး Social Media Platform တခုဖြစ်သည့် Facebook တွင် အွန်လိုင်းလူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင်ရှိသော Fact-Checker အချက်အလက်စစ်ဆေးမှု အစီအစဉ် များအားဖယ်ရှားပြီး Community Notes ဖြင့် အစားထိုးသုံးသွားမည်ဟု Facebook တည်ထောင်သူ Mark Zuckerberg က ကြေညာခဲ့သည်။

ယင်းသို့ Facebook ပေါ်လစီအပြောင်းအလဲအား ကြေညာပြီးသည့်နောက် စစ်လော်ဘီများက Facebook Platform ပေါ်သို့ ပြန်လည်ခြေချရန် ကြိုးပမ်းလာနေသည်ကို တွေ့ရသည်။ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ် နေသည့် ဝါဒဖြန့်ချန်နယ်အကောင့်များသည် Facebook Platform ပေါ်သို့ ပြန်လည်ခြေချ၍ သတင်းမှား ဖြန့်ချိမှုများ စတင်ပြုလုပ်နေသည်ကိုလည်း တွေ့မြင်လာရသည်။

Facebook Platform ၏ ယခင်ပေါ်လစီအရ သတင်းမှားဖြန့်ချိသူများအဖြစ် ကျော်ကြားသည့် စစ်ကောင်စီ လော်ဘီအကောင့်များ၊ အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်အကောင့်များအား ၂၀၁၈ ခုနှစ်မှစ၍ ဖယ်ရှားခံရပြီး Facebook Platform ပေါ်တွင် ရပ်တည်ခွင့်မရခဲ့ပါ။ သို့သော် လက်ရှိ Facebook ပေါ်လစီအပြောင်းအလဲကြောင့် ယခုအခါ စစ်လော်ဘီများနှင့် သတင်းမှားဖြန့်ချိသည့်အကောင့်စာမျက်နှာများ Facebook Platform ပေါ်သို့ ပြန်လည်အခြေချရန် ကြိုးစားလာနေပြီဖြစ်သည်။

Facebook ပေါ်လစီပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ၊ Facebook Platform ပေါ်သို့ ပြန်လည် ခြေချရန် ကြိုးပမ်းနေသည့် စစ်လော်ဘီများအကြောင်းနှင့် သတင်းတု၊သတင်းမှား အန္တရာယ်များနှင့်ပတ်သက်ပြီး လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည့် သတင်းအချက်အလက်အမှားတို့ကို လေ့လာစောင့်ကြည့်ပြီး သတင်းတု များကို ဖော်ထုတ်နေသည့် The Red Flag အဖွဲ့က တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – စစ်လော်ဘီဝါဒဖြန့်သတင်းတုသတင်းမှားတစ်ပုဒ်။

မေး ။ ။ ပထမဆုံးအနေနဲ့ Facebook Platform ပေါ်ကနေ Fact-checkers အချက်အလက်စစ်ဆေးတဲ့ သူတွေကို ဖယ်ရှားမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ အချက်အလက်စစ်ဆေးတဲ့အဖွဲ့တွေ၊ အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အလုပ်တွေပိုပြီး များများ လုပ်ရမယ်လို့မြင်ပါတယ်။ အရင် Facebook မှာ Fact-checkers တွေ ရှိနေတုန်းကလည်း သတင်းတု၊သတင်းမှား တွေက အလုံးစုံတားဆီးနိုင်တာမဟုတ်ဘူး။ အဲဒါကြောင့်လဲ အချက်အလက်စစ်ဆေးတဲ့အဖွဲ့တွေ လူပုဂ္ဂိုလ်တွေက ဆက်လက်ပြီးလုပ်နေရတယ်။ Factchequeado – Platform Response to Disinformation during the US Election 2024 ရဲ့ Report အရ Platform တွေရဲ့ သတင်းတုသတင်းမှားတွေပေါ် အရေးယူမှုမှာ ရာခိုင်းနှုန်း (၄၀) ကျော်ကျော်သာရှိတယ်။

အဲဒီထဲက FB platform ကတော့ သတင်းတုသတင်းမှားနဲ့ပတ်သက်ပြီး အရေးယူမှုမှာ (၇၀) ရာခိုင်နှုန်းကျော် လောက်ရှိတာ တွေ့ရတယ်။ အချက်အလက်စစ်ဆေးသူတွေကို ဖယ်ရှားလိုက်မယ်ဆို သတင်းတု၊ သတင်းမှားတွေ ကို အရေးယူဆောင်ရွက်နိုင်မှု နည်းပါးသွားမယ်။ နည်းပါးသွားတဲ့အတွက်လည်း သတင်းတု၊ သတင်းမှားတွေ ပိုမို ပျံ့နှံ့လာမယ်။ သို့အတွက်လည်း အပေါ်မှာပြောထားသလို ပြည်သူလူထုတွေဆီ သတင်းအချက်အလက်အမှန်တွေ ရောက်ရှိဖို့ အချက်အလက်စစ်ဆေးတဲ့သူတွေ အဖွဲ့အစည်းတွေအနေနဲ့ အလုပ်ပိုလုပ်ပြီး၊ အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သင့်ပြီး ပြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုရအောင် လုပ်သင့်တယ်လို့ မြင်မိပါတယ်။

မေး။ ။ အခု Facebook ပေါ်လစီပြောင်းလဲမှုအပြီးမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်အကောင့်တွေကလည်း Facebook Platform ပေါ်မှာ ပြန်ပြီးအခြေချဖို့ ကြိုးပမ်းနေတာတွေ့ရတယ်။ တကယ်လို့ ပြန်ပြီးအခြေချနိုင်မယ် ဆိုရင် အကျိုးဆက်သက်ရောက်မှုတွေက ဘာတွေဆက်ဖြစ်လာနိုင်ပါလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Media Platform က Facebook ဖြစ်နေတုန်းပဲ။ ဆိုတော့ စစ်ကောင်စီက သူတို့ဖြန့်ချင်တဲ့ ဝါဒဖြန့်အကြောင်းအရာတွေနဲ့ သတင်းတု၊သတင်းမှားတွေကို Facebook မှာ ပြန်ပြီး ဖြန့်ဝေနိုင်တော့မှာဖြစ်တယ်။ လက်ရှိမှာလည်း ကျော်စွာ (Facebook Page) တို့ ကိုသက် (Facebook Page) တို့လို ဒိတ်ဒိတ်ကြဲဝါဒဖြန့်ချိရေးစာမျက်နှာတွေဟာ Facebook ပေါ်ကို သူတို့ပြန်ပြီးခြေချတော့မယ် ဆိုတာ ပေါ်တင်ပြောဆိုပြီး အကောင့်တွေဖွင့်လာတာတွေ့ရတယ်။ ရက်ပိုင်းအကြာမှာပဲ အဲ့အကောင့်တွေ ဖြုတ်ချခံရတာမျိုးတော့ တွေ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာရော ဘယ်လိုဆက်ပြီး ကိုင်တွယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

Facebook ပေါ်မှာ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေး စာမျက်နှာတွေ ပြန်များလာရင်တော့ အမုန်းတရားပျံ့နှံ့မှုနဲ့ သတင်းတု၊သတင်းမှားပျံ့နှံ့မှုတွေ ပိုပြီးများလာလိမ့်မယ်။ Telegram တို့ Tik Tok တို့ဘက်မှာဆိုရင် ထိန်းမနိုင် သိမ်းမနိုင် ပျံ့နှံ့နေတာမျိုးတွေရှိတာ အာဏာသိမ်းပြီးတဲ့ကာလကတည်းကပဲ။ အဲ့ဒီအတွက် အချက်အလက် စစ်ဆေးတဲ့သူတွေနဲ့ သုတေသီတွေဘက်က ပိုပြီးစောင့်ကြည့်သတိပေးတာတွေ လုပ်ရမှာဖြစ်သလို သတင်းစားသုံးသူတွေအနေနဲ့လည်း သတင်းဖတ်ရှုရာမှာ သတင်းအချက်အလက် သိနားလည်မှုစွမ်းရည်နဲ့ ချဉ်းကပ်ဖတ်ရှုဖို့ ပိုပြီးလိုအပ်ပါလိမ့်မယ်။

မေး ။ ။ မြန်မာပြည်အခြေအနေကလည်း သိထားတဲ့အတိုင်းပဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကြောင့် ပြည်သူတွေက သတင်းအမှန်ရဖို့ခက်တယ်။ ဒါကြောင့် သတင်းအမှန်ရဖို့ ကြိုးပမ်းနေတဲ့ကြားထဲက သတင်းတု၊ သတင်းမှားတွေ ပိုပြီးပျံ့လာမယ်ဆိုရင် ပြည်သူတွေအတွက်ရော ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ပြည်သူတွေ တကယ်အမှန်တရားနဲ့ ဝေးကွာလာမယ်။ သတင်းတု၊သတင်းမှားတွေ ဝါဒဖြန့် လိမ်လည်မှုတွေ၊ အမုန်းတရားလှုံ့ဆော်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေက ပြည်သူတွေအချင်းချင်းကြားမှာ အယုံအကြည်ကင်းမဲ့ပြီး သံသယတွေ ပိုမိုကြီးထွားလာနိုင်တယ်။ အဲ့ဒီထက်ပိုတာကတော့ အမုန်းတရားလှုံ့ဆော်မှု နောက်ဆက်တွဲ မြေပြင်မှာလက်တုန့်ပြန်တဲ့ကိစ္စ၊ သတ်ဖြတ်တဲ့ကိစ္စတွေ ပိုပြီးဖြစ်လာနိုင်တယ်။

မြေပြင်မှာစိုးမိုးနိုင်တဲ့သူတွေက သတင်းအချက်အလက် ထိမ်ချန်တာတွေ၊ သတင်းအမှောင်ချပြီး သူတို့ဖြန့်ချင်တဲ့ ဟာတွေဖြန့်ပြီး ရာဇဝတ်မှုကျူးလွန်တာတွေ၊ ပဋိပက္ခတွေပိုဖြစ်လာနိုင်တယ်။ အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တွေ အချက်အလက်စစ်ဆေးသူတွေအနေနဲ့လည်း ဒီလိုကန့်သတ်ထားတဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ကြောင့် ကိုယ့်ပြည်သူလူထုဆီ သတင်းမှန်ရောက်ရှိရေးကို တခြားနည်းလမ်းနဲ့ ဘယ်လိုလုပ်နိုင်သလဲဆိုတဲ့ လမ်းကြောင်းကိုလဲ ကြိုတင်စဉ်းစားထားဖို့လည်း လိုအပ်နိုင်တယ်လို့မြင်မိတယ်။

မေး ။ ။ သတင်းတု၊သတင်းမှားနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ရော ဘာတွေသိထားဖို့လိုပါလဲ။

ဖြေ ။ ။ သတင်းအချက်အလက်တွေကို အလွယ်တကူမြန်မြန်ဆန်ဆန်လက်ခံ မယုံကြည်ဖို့လိုပါတယ်။ တကယ့် သတင်းလုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်ပြီး သတင်းတင်ဆက်နေတဲ့သတင်းဌာနက သတင်းတွေကို လေ့လာဖတ်ရှု သင့်တယ်။ နောက်ပြီး သတင်းအရင်းအမြစ်တစ်ခုကတင်တဲ့ဟာကို ဖတ်ပြီးတိုင်း ချက်ချင်းမယုံပဲ တခြား အရင်းအမြစ်တွေက ဒီသတင်းကိုပဲ ဘယ်လိုတင်ဆက်လဲ၊ ဘာတွေကွဲလွဲနေလဲဆိုတာကို သတိချပ်ဖို့လိုပါမယ်။

ဥပမာအားဖြင့် အခုဆိုရင် Facebook Platform မှာ ဒေသအခြေပြုအမည်တွေနဲ့ Page တွေက အများအပြား ပေါ်ပေါက်နေတာကို တွေ့ရှိရတယ်။ ဒါပေမယ့် ရေးသားတဲ့အကြောင်းအရာ (Content) တွေက ဒေသခံတွေ ရေးသားတာထက် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကရေးသားတဲ့ အသုံးအနှုန်း၊ အပြောအဆို၊ ပုံစံတွေနဲ့ တူညီနေတာကိုတွေ့ရှိရတယ်။ အဲ့ဒီအပြင် အဲဒီပို့စ်တွေကို တယ်လီဂရမ်မှာရှိတဲ့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက Screenshotတွေ ရိုက်ပြီး ပြန်ဖြန့်ချိတယ်။

ထူးခြားချက်က အဲဒီ Facebook ပို့စ်အောက်က Comment ဝင်ရောက်ရေးသားသူတွေရဲ့ အကောင့်အမည် မတူပေမယ့်လည်း မှတ်ချက်ပြုတဲ့အကြောင်းအရာ၊ စာလုံးပေါင်းကအစ ထပ်တူကျနေတာကို The Red Flag က တွေ့ရှိထားပါတယ်။ ဒါကြောင့် ဒီပို့စ်တွေကို စစ်ကောင်စီဘက်က ပါဝင်ပတ်သက်နေပြီး Facebookပေါ်မှာ နည်းမျိုးစုံနဲ့ အခြေချဖို့ကို ကြိုးစားနေပြီး သတင်းမှားဖြန့်ချိမှုကိုလည်း ပိုမိုပြုလုပ်လာမှာ သေချာတယ်လို့ The Red Flag အနေနဲ့ သုံးသပ်ရှုမြင်မိပါတယ်။ သတိပြုသင့်ပြီး အန္တရာယ်ရှိတဲ့ကိစ္စရပ်ကတော့ ပြည်သူတွေက ဒေသအခြေပြု အမည်များဖြစ်တာကြောင့် ယုံကြည်ပြီးတော့ မျှဝေ၊ ဖတ်ရှု၊ မှတ်ချက်ပြုတာတွေ တွေ့ရှိရခြင်းပဲ ဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။