10 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်မှုထမ်းဥပဒေဖြင့် အဓမ္မရှေ့တန်းပို့ခံရသူ ၄ ဦးကို ရှမ်းတောင်ကာကွယ်ရေးတပ်ကယ်ဆယ်

စစ်မှုထမ်းဥပဒေဖြင့် အဓမ္မရှေ့တန်းပို့ခံရသူ ၄ ဦးကို ရှမ်းတောင်ကာကွယ်ရေးတပ်ကယ်ဆယ်

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တို့က စစ်မှုထမ်းအမိန့်ဖြင့် အဓမ္မပို့ဆောင်ခံရသူ ၄ ဦးအား ကူညီကယ်ဆယ်ထားသည်ဟု တပ်ရင်းတာဝန်ရှိသူများက ပြောသည်။

၎င်းတို့ ၄ ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၅၊ ၆ တို့မှ သင်တန်းဆင်းလာကြသူများဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းက ကူညီကယ်ဆယ်ထားနိုင်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များ၏ စာရင်းများအရ သိရသည်။

SSRY ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “သူတို့ အကြောင်းကြားလို့ သွားကယ်တာပါ။ သူတို့ အားလုံးက ရဲ၊ ထွေအုပ်နဲ့ အုပ်ကြီးတွေ အတင်းဖမ်းပြီး စစ်မှုထမ်း ပို့လိုက်တာပါ။ လက်ရှိ လုံလုံခြုံခြုံ ရှိနေပါတယ်” ဟု ပြောသည်။

လက်ရှိ ကယ်ဆယ်ထားသူ ၄ ဦးမှာ အသက် ၂၂ နှစ်နှင့် ၂၈ နှစ်ဝန်းကျင်ကြား အရွယ်လူငယ်များဖြစ်ပြီး မိုးဗြဲမြို့ အခြေစိုက် ခမရ – ၄၄၂ တပ်ရင်းတွင် စစ်ကောင်စီက တာဝန်ချထားသည့် ခမရ – ၅၀၈ တပ်သားများဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

၎င်းတို့အား ကူညီကယ်ဆယ်ပြီးနောက် မြေပြင်တပ်ဖွဲ့ဝင်များက လုံခြုံရေးအတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ CDM ဌာနသို့ ပို့ဆောင်ပေးထားသည်ဟု ဆိုသည်။

SSRY မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “အလင်းဝင်လာသူတွေကို ကျနော်တို့ရဲဘော်တွေ နေထိုင်စားသောက် ရသလို သူတို့လည်းစားသောက်ရပါတယ်။ သူတို့ လက်နက်ခဲယမ်းပါလာတာတွေ မူတည်ပြီးတော့ ဆုချီးမြင့်တာ ရှိသလို သူတို့ဖြစ်ချင်တာတွေ လုပ်ချင်တာတွေလည်း အတတ်နိုင်ဆုံး လိုက်လျောပေးပါတယ်” ဟု ပြောသည်။

SSRY တွင် လက်ရှိကယ်ဆယ်ထားသည့် ၄ ဦးအပြင် စစ်သုံ့ပန်းနှင့် စစ်အာဏာမသိမ်းမီကတည်းက စစ်ကောင်စီတပ်သို့ ဝင်ရောက်သွားသူများထဲမှလည်း အလင်းဝင်ရောက်လာသူ ၅ ဦးခန့် ရှိသေးသည်ဟု ဆိုသည်။

SSRY နှင့် SSLRU တို့သည် ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရင်းများဖြစ်သော်လည်း လက်ရှိတွင် ပထဝီနိုင်ငံရေးအရ ရှမ်းပြည်တောင်ပိုင်းကိုယ်စားပြု ရပ်တည်ရန်အတွက် ပြည်ထောင်စုအဆင့်မှ နှုတ်ထွက်ထားသည်ဟုလည်း ကြေညာထားသည်။

NMG ပေးပို့သည်။