မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူနှစ်သောင်းဝန်းကျင် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၄ ရွာနီးပါးမှ ဒေသခံနှစ်သောင်းဝန်းကျင်သည် ပွင့်ဖြူမြို့ပေါ်နှင့်နီးသောနေရာများနှင့် မကွေးမြို့ဘက်ကို စစ်ရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အဓိကကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက တိုက်ပွဲတွေ စဖြစ်တယ်။ အခုထိ လူတွေ ရှောင်နေကြတုန်းပဲ။ ကားကြီးကားငယ်နဲ့ ဖြေးဖြေးချင်းထွက်နေကြရတာတွေရှိတယ်” ဟု ပြောသည်။
ပွင့်ဖြူမြို့နယ်ရှိ မဒဲ (မင်းတဲ)၊ ထိန်အိုင်၊ ကနီ၊ အင်းကုန်း၊ ထူးပေါက်၊ မဲဇလီ၊ ထန်းတောကြီး၊ ကျွဲခြံ၊ လယ်မ၊ ရေရင်၊ ဆည်တော်၊ မကျီးစု၊ ဖလံကျင်း၊ ညောင်ပင်ဝိုင်း အပါအဝင် အနီးအနားရွာများက ဒေသခံနှစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်ကြခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ မဒဲ၊ ကနီ၊ အင်းကုန်းနှင့် မဲဇလီတံတားတို့တွင် ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ရေရင်ကျေးရွာကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောပိုင်းတွင် အင်ဂျင်တပ်လေထီး Paramotor နှင့် လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိုနေ့တွင်ပင် မဲဇလီတံတားတိုက်ပွဲ၌ စစ်ကောင်စီက လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ကပြောသည်။
မဲဇလီတံတား တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များဘက်က အတည်ပြုပြောဆိုမှုမျိုး မရှိသေးပေ။
မဒဲကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်နက်ကြီးကြောင့် နေအိမ် ၂၂၀ ဝန်းကျင် မီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
အလားတူ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီက မဲဇလီကျေးရွာတွင်ရှိသည့် စျေးဆိုင်များမှ ပစ္စည်းများ ကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးကာ ခိုးယူသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။