5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းအင်းတော်မြို့၌ မြို့သိမ်းတိုက်ပွဲ တကျော့ပြန်တိုက်စစ်ဆင်နေ

အင်းတော်မြို့၌ မြို့သိမ်းတိုက်ပွဲ တကျော့ပြန်တိုက်စစ်ဆင်နေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် တော်လှန်ရေအင်အားစုပူးပေါင်းတပ်များက ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး မြို့သိမ်းတိုက်ပွဲ တကျော့ပြန်တိုက်စစ်ဆင်နေကြောင်း ဒေသခံများပြောဆိုမှုအရ သိရှိရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး NUG ၏ အမှတ် (၁) စစ်ဒေသမှပူးပေါင်းတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ABSDF (ကျောင်းသားတပ်မတော်) တို့က ပူးပေါင်းပြီး အင်းတော်မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“အင်းတော်မှာချနေတာ စစ်ဘေးရှောင်တွေ ဘုန်းကြီးကျောင်းကိုရောက်နေပြီ။ သူတို့တွေက PDF ကို အကူအညီတောင်းလိုက်တာလေ၊ အဲ့ကနေ သူတို့တွေထွက်ခဲ့ကြတာ။ အခုထိတော့ တိုက်ပွဲကချနေကြတုန်းပဲ၊ ဂျပန်လိုဏ်ဂူ တနေရာပဲကျန်တော့တယ်လေ” ဟု အင်းတော်စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ဇန်နဝါရီ ၃၀ ရက်နေ့ နံနက်ပိုင်းအထိ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

တကျော့ပြန် မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြပြီး အကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတို့က ပြောဆိုသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ဧရိယာအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ တပ်စခန်းတချို့သာ ကျန်ရှိနေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ကောလင်းခရိုင်အတွင်းက မြို့များ၏ နယ်မြေအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။