5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းပွင့်ဖြူမြို့က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတချို့နှင့် ဆရာဝန်တချို့ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ပွင့်ဖြူမြို့က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတချို့နှင့် ဆရာဝန်တချို့ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

မကွေးတိုင်း၊ ပွင့်ဖြူမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းတချို့နှင့် ဆရာဝန်တချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပွင့်ဖြူမြို့အတွင်း ပုဂ္ဂလိကဆေးခန်းဖွင့်ထားသည့် ဆရာဝန်များနှင့် ကျေးလက်ဆေးပေးခန်းမှဆေးမှူးတို့ကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဒေသခံတစ်ဦးက “ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး။ ဖုန်းတွေကိုလည်း သိမ်းသွားတယ်။ အခုထိတော့ နောက်ဆက်တွဲကို မသိရသေးဘူး” ဟု ပြောသည်။

ပွင့်ဖြူမြို့တွင် ပုဂ္ဂလိကဆေးခန်း ဖွင့်လှစ်ထားသည့် ဒေါက်တာကျော်ခိုင်ဦး၊ ချမ်းမြေ့ဆေးခန်းမှ ဆရာဝန်နှင့် ကျေးလက်ဆေးပေးခန်းမှ ဒေါ်စုစုထွေးအပါအဝင် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တဖက်တွင်လည်း ဒေသခံများ၏ ပြောဆိုချက်အရ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် ပွင့်ဖြူမြို့ မဲဇလီကျေးရွာ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာတွင် ထိခိုက်ဒဏ်ရာရသူများပြားပြီး ဆေးကုသမှုပေးရန် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ပွင့်ဖြူမြို့၊ ရေပုတ်ကလေးကျေးရွာမှ ပျူစောထီးခေါင်းဆောင်သုံးဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။