29 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဒဏ်ကို မကြာခဏ ကြုံတွေ့နေရသည့် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံနှင့် စစ်ဘေးရှောင်ပြည်သူတချို့၏ စိုးရိမ်ပူပန်မှုနှင့် အခက်အခဲစကားသံတချို့။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဒဏ်ကို မကြာခဏ ကြုံတွေ့နေရသည့် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံနှင့် စစ်ဘေးရှောင်ပြည်သူတချို့၏ စိုးရိမ်ပူပန်မှုနှင့် အခက်အခဲစကားသံတချို့။

၂၀၂၅ နှစ်သစ် ဇန်နဝါရီလဆန်းမှာပင် ကရင်နီ (ကယား) ပြည်နှင့် ရှမ်းပြည်နယ်စပ်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို နေ့ညမရှောင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံ ပြည်သူများအပါအဝင် စစ်ဘေးရှောင်များပါ ထိခိုက်ဒဏ်ရာရသေဆုံးမှုများ ရှိနေသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် စစ်ဘေးရှောင်များမှာ တခြားနေရာများသို့ ထပ်မံတိမ်းရှောင် နိုင်ရန် အခက်အခဲများ ရှိနေကြသလို စစ်ရှောင်ကာလကြာမြှင့်လာသည်နှင့်အမျှ အဖက်ဖက်က လိုအပ်ချက် များပြားနေကြောင်း ပြောဆိုကြသည်။

ဒေသအတွင်း စစ်ဖြစ်ပွားရာနယ်မြေ ကျယ်ပြန့်လာြခင်း၊ တိုက်ပွဲကာလ ရှည်ကြာလာမှုနှင့်အတူ ယခုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို မကြာခဏကြုံနေရသည့် ဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူတို့၏ စိုးရိမ်ပူပန်မှု ၊ အခက်အခဲစကားသံတချို့ကို ကောက်နုတ်တင်ပြထားပါသည်။

ဒေါ်နာတားလျာ (စစ်ဘေးရှောင်အမျိုးသမီး၊ ဖယ်ခုံမြို့နယ်)

အဲ့ဒီ ကားသံ၊ဆိုင်ကယ်သံ ကြားတာတောင်မှ တခါတလေ လေယာဉ်များလားဆိုပြီးမှ ထပြီးပြေးချင်စိတ်တွေ ပေါက်တယ်ပေါ့နော။ အဲ့ဒါ စားမဝင်လောက်တဲ့အထိ အဲ့လိုမျိုး နေမသိထိုင်မသာ မစားနိုင်တဲ့ထိ ဖြစ်သွားတယ်။ တချို့ကလေးတွေဆိုရင်တော့ ဒီကြားမှာပေါ့နော တချို့ကလေးတွေတောင်မှ စာသင်ကျောင်းကပြန်လာရင် ကတုတ်ကျင်းထဲကနေ အပြင်လုံးဝမထွက်ရဘူး ထမင်းတောင်မစားဘဲနဲ့ အဲဒီလိုမျိုးနေရတာမျိုးတွေပေါ့နော၊ အဲ့လိုမျိုးတွေ ကြုံနေရတယ်။

တိမ်းရှောင်တာတွေတော့ ရှိပါတယ်။ ဘာဖြစ်လဲဆိုရင်တော့ သူတို့ညတာပဲဖြစ်ဖြစ် နေ့အချိန်ဖြစ်ဖြစ် သူတို့ရဲ့စိတ် လုံခြုံရာပေါ့နော၊ ကိုယ်ရဲ့လုံခြုံရာပေါ့နော နေရာတိုင်းမှာတော့ မလုံခြုံဘူးပေါ့။ ဒါပေမဲ့ သူတို့စိတ်ရဲ့လုံခြုံရာ ဆိုတာ ခဏတဖြုတ် ဒီဘေးနားပတ်ဝန်းကျင်မှာပေါ့ ရှိနေတဲ့အိမ် ရှိနေတဲ့ဆွေမျိုးတွေနား ခဏလေး သွားနေလိုက်တယ်။ သွားနေပြီး ပြန်လာတယ်။ အဲ့လိုမျိုးပေါ့နော အဲ့လိုမျိုးတော့နေတယ်။

ဟန်ဘူးဒေသခံ အမျိုးသားတစ်ဦး (ဖယ်ခုံမြို့နယ်)

၂၀၂၄ နှစ်အကုန် ၂၀၂၅ နှစ်ဦးပိုင်းမှာ အရင်ကထက်ပိုပြီးတော့ သူတို့ (စစ်ကောင်စီ) လေယာဉ်အသုံးပြုလာတာ တွေ့ရတယ်ပေါ့နော။ ဒီအပေါ်မှာ ကျနော်တို့ရဲ့လူထုတော်တော်များများက ဘယ်လိုခံစားရလဲဆိုတော့ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ပေါ့နော အဲ့ဒါကိုထိပါးတာပေါ့။ ကျနော်တို့ကောင်းကောင်းလည်း မအိပ်ရဘူး။ သတိနဲ့သွားလာနေကြရတယ်။ အရင်ကကျနော်တို့ကတော့ လမ်းသွားရင် ကား၊ ဆိုင်ကယ်ချင်း မတိုက်မိအောင်ပဲ ဂရုစိုက်ကြရတယ်။ အခုကတော့ ဆိုင်ကယ်စီးနေရင်း လမ်းသွားရင် အပေါ်ကလေယာဉ်လာမှာကို မော့ကြည့်ပြီး ကြောက်နေရတယ်။

ကိုယ့်အပေါ်ကို ဘယ်အချိန် ဗုံးနဲ့လာကြဲချမလဲဆိုတဲ့စိုးရိမ်မှုတွေက ဒီလိုအခြေအနေထိတောင် ရှိနေကြပြီပေါ့ နော။ လေယာဉ်ကြဲနိုင်ချေ နည်းတဲ့နေရာတွေကို ဒီကဒေသခံတွေကလည်း တောင်ယာမှာသွားအိပ်ကြတယ်။ တချို့ကြတော့လည်း လေယာဉ်ကြဲရင် နည်းနည်းလေးအကာအကွယ်ဖြစ်စေမယ့် ကျောက်ဆောင်အောက်တွေ ကြားမှာ တဲသွားဆောက်ပြီး ပုန်းခိုနေထိုင်ကြရတာရှိတယ်။ ခန့်မှန်းခြေအားဖြင့် ၁၀ ကြိမ် ထက်မနည်းရှိနေပြီလို့ သုံးသပ်မိတယ်။ အခုနောက်ပိုင်း ဗုံးအကြီးတွေကို ပိုအသုံးပြုလာတယ်။ ပေါင် ၅၀၀ တွေ ခပ်စိပ်စိပ်သုံးလာတာ ပိုပြီးတွေ့နေရတယ်။”

ဦးပီတာ (ဘန်ကောက်စစ်ရှောင်အမျိုးသားတစ်ဦး၊ ဖယ်ခုံမြို့အနောက်ခြမ်း)

လေယာဉ်တွေလာဝဲရင် ဗုံးခိုကျင်းထဲပြေးဝင်တာတို့ လုံခြုံမှုပေါ့နော။ ကလေးလည်း ငယ်တာရှိတဲ့အတွက် ပေါ့နော၊ ကလေးကို အမြဲတမ်းအသိပေးတယ်။ ကျနော်တို့ဆို လေယာဉ်လာပြီဆို လမ်းပေါ်မှာပဲမှောက်အိပ်တဲ့ အနေအထားပေါ့နော၊ ကိုယ့်ကိုယ် Safe ဖြစ်အောင် လုံခြုံမှုဖြစ်အောင်ပေါ့နော။ အဲ့လိုတော့ ကိုယ့်ကိုယ်ကာကွယ် တာပေါ့။ ဒါပေမဲ့ တည့်တည့်ကျရင်တော့ မတတ်နိုင်ဘူးပေါ့။ ရွှေ့ပြောင်းသွားပြီဆိုရင်လည်း ကြောက်လန့်တကြား နဲ့ ရွှေ့ပြောင်းသွားတာ ခဏတာပါပဲနော။

ဒါပေမဲ့ တည်မြဲနေဖို့နေရာဆိုလည်း အခက်အခဲရှိနေသေးတော့ ပြောမယ်ဆို သူများဘေးရွာမှာပဲ ကိုယ်ဧည့်သည် သွားလုပ်ဆို ၂ ရက် ၃ ပေါ့နော။ ပြီးတော့ ဒီနေရာမှာပဲ ပြန်လာနေတယ်ကြတဲ့ အနေထားမျိုးပေါ့နော်။ လက်နက်ကိုင်အဖွဲ့စည်းမဟုတ်ဘဲနဲ့ ကျနော်တို့စစ်ရှောင်တဲ့ပြည်သူတွေကို တိုက်ခိုက်တဲ့အတွက် တအားကြီး ဝမ်းနည်းစရာကောင်းတယ်။ ကံကောင်းလို့ ကျနော်တို့အသက်ရှင်နေရတဲ့ အနေအထားမျိုးတော့ရှိနေတယ်။ ကျနော်တို့ ဆက်ပြီးပြောင်းရွှေ့ဖို့က လုံခြုံမှုရှိတဲ့နေရာတွေကို ထပ်မသိတော့ ဒီမှာပဲဆက်ပြီးတော့ နေသေးတယ် ပေါ့နော်။

ဦးဂျိုဝါးနီ (စစ်ဘေးရှောင်အမျိုးသား၊ ဖယ်ခုံမြို့နယ်)

 

ကျနော့်တစ်ယောက်အနေနဲ့ဆိုတော့ စစ်တပ်က ဒီလိုတည့်တည့် ကျနော်တို့ပြည်သူတွေကို မျိုးသုဉ်းအောင် ပြီးတော့မှ အဲ့ဒီလိုမျိုးလာကြဲတယ်လို့ ကျနော်အဲလိုမျိုးမြင်တယ်။ လေယာဉ်လာတဲ့ချိန်ဆို ကြောက်လန့်သွားတဲ့ လူတွေ ရှိတဲ့အခါကြတော့ ဒီအနီးနားရှိနေတဲ့ရွာကို ထွက်ပြေးသွားကြတယ်ပေါ့နော။ အဲ့ဒီလိုမျိုး လုံခြုံအောင် ဆိုပြီးတော့မှ ခဏတဖြုတ် တစ်ရက်နှစ်ရက်သွားနားနေပြီးတော့မှ ပြန်လာတာမျိုးပေါ့နော။ ကျနော်တို့အပြစ်မဲ့တဲ့ ပြည်သူကို ထပ်ပြီးတော့မှ အဲ့လိုမျိုးမတိုက်ခိုက်တော့ပါနဲ့လို့ တောင်းဆိုချင်တယ်ပေါ့နော။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။