5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းစစ်တွေဒေသခံ ၂၀ ခန့် ၇ လကြာတိုင် သတင်းအစအနမရရှိဘဲ လုံးဝပျောက်နေဟုဆို

စစ်တွေဒေသခံ ၂၀ ခန့် ၇ လကြာတိုင် သတင်းအစအနမရရှိဘဲ လုံးဝပျောက်နေဟုဆို

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာနှင့် ကျက်တောပြင်ကျေးရွာမှ ဒေသခံ ၂၀ ခန့်သည် လက်ရှိတွင် ၇ လခန့် ကြာမြင့်လာသော်လည်း သတင်းအစအနမရရှိဘဲ လုံးဝပျောက်ဆုံးနေကြောင်း မိသားစုဝင်နှင့်နီးစပ်သူတို့ ပြောဆိုမှုအရ သိရသည်။

ဖမ်းဆီးခံရပြီး သတင်းမရရှိဘဲ ပျောက်နေသူများမှာ စစ်တွေ၊ အောင်တိုင်ကျေးရွာမှ ရာအိမ်မှူးဦးအောင်သန်းဝင်း (ခ) ကိုညီညီနှင့် ယောက္ခထီးဖြစ်သူဦးလှဝင်း၊ မောင်ထွန်းလင်း၊ ကိုငြိမ်းငြိမ်းလင်း၊ ကိုမိုးဒီ၊ မောင်ပြား၊ ကိုကျော်သန်း၊ သန်းဇော်ဦး၊ ဦးထွန်းဦးစိန်၊ ဦးမောင်သိန်းတို့အပြင် ကျက်တောပြင်ကျေးရွာမှ ကိုထွန်းဝင်းနိုင်၊ ကိုကျော်ကျော် အပါအဝင် ၆ ဦးတို့ဖြစ်ကြသည်။

အောင်တိုင်ကျေးရွာမှ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက “ လုံးဝ အဆက်သွယ်မရတာပါ။ ပထမတုန်းကတော့ စစ်တွေတပ်ထိန်း ဂိတ်နားကစခန်းကို သွားမေးဖူးတယ်။ ရဲစခန်းကိုလည်း မေးဖူးတယ်။ မရှိဘူးလို့ပဲ ပြောတယ်။ အဲနောက်ပိုင်းမှာ ဖုန်းနဲ့ အဆက်သွယ်လုပ်ကြည့်တော့လည်း မရဘူး။ ရုံးထုတ်တွေမှာလည်း သွားမေးဖူးပါတယ်” ဟု ပြောသည်။

အောင်တိုင်နှင့် ကျက်တောပြင်ကျေးရွာသား ၂၀ ခန့်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့နှင့် ၇ ရက်နေ့အတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်က ကျေးရွာမှ ရွှေ့ပြောင်းပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ပြောဆိုစရာ ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဖမ်းဆီးခံရသည့်နေ့မှ စ၍ ယနေ့အထိ တစုံတရာ သတင်းအစအနမကြားသိရဘဲ ပျောက်ဆုံးနေသည်မှာ ၇ လခန့် ကြာမြင့်လာခဲ့ပြီဖြစ်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဖမ်းဆီးခံရသူများမှာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်ပြီး ၎င်းတို့ ဖမ်းဆီးခံထားရသဖြင့် မိသားစုဝင်များမှာ အခက်အခဲများစွာ ရှိနေကြကြောင်း သိရသည်။

နောက်ထပ် ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက “သေနေလား ရှင်နေလားတောင် သတင်းမရပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် အောင်တိုင်ကျေးရွာအနီးချောင်း၌ မျက်နှာစည်းထားပြီး လက်နောက်ပြန်ကြိုးတုတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၂၀ ခန့်ကို တွေ့ခဲ့သော်လည်း မည်သူ၊ မည်ဝါ ဆိုသည်ကို အတည်မပြုနိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ကြောင့် ဖမ်းဆီးခံရသည့် ကျေးရွာသားများ သေဆုံးသွားပြီလား၊ အသက်ရှင်သန်နေသေးလား ဆိုသည်နှင့်ပတ်သက်၍ မိသားစုဝင်များက သံသယရှိနေကြသည်ဟု ဆိုသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက ဒေသခံများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်မှု၊ ထောင်ဒဏ်ချတ်မှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုမြင့်တက်လျက် ရှိနေကြသည်။

စစ်တွေမြို့ခံအမျိုးသားတစ်ဦးက “အဖမ်းဆီးခံရပြီး ပျောက်နေတာက စာရင်းမရသူရော စာရင်းဝင်သူရော ဘယ်လောက်တောင် ရှိမလဲမသိဘူး။ စစ်ကောင်စီလက်ထဲကို ရောက်သွားရင်တော့ သူတို့လုပ်ချင်သလို လုပ်ကြတာ။ ဒါတွေကို ကာကွယ်ပေးမယ့်သူတွေလည်းမရှိတော့ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရာနှင့်ချီသော ဒေသခံများကိုလည်း ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့သည်။

စစ်ကောင်စီ၏ အတင်းအဓမ္မဖိအားပေးမှုကြောင့် အောင်တိုင်အပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်မှာ စစ်တွေမြို့ပေါ်သို့ ရွှေ့ပြောင်းထားကြရပြီး စားဝတ်နေရေးအခက်အခဲအပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်စွာဖြင့် နေထိုင်နေကြရကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။