29 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့် ရေတွေကလည်း အခြေအနေဆိုးရွားလာတယ်။ တောင်ကျရေ တွေကလည်း ရှားလာတယ်။ ရေမသန့်တော့ ကလေးတွေဝမ်းပျက်ဝမ်းလျော အသက်ပါဆုံးရှုံးရတာရှိတယ်။ ယားနာတွေလည်း ဖြစ်တယ်။...

“သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့် ရေတွေကလည်း အခြေအနေဆိုးရွားလာတယ်။ တောင်ကျရေ တွေကလည်း ရှားလာတယ်။ ရေမသန့်တော့ ကလေးတွေဝမ်းပျက်ဝမ်းလျော အသက်ပါဆုံးရှုံးရတာရှိတယ်။ ယားနာတွေလည်း ဖြစ်တယ်။ ဒါက ကျမကွင်းဆင်းပြီး တွေ့လာတဲ့ ပြဿနာတွေပါ” ကျေးလက်ကျန်းမာရေးဆရာမနန်းခေါဝ်/ သျှမ်းပြည်တောင်ပိုင်း

ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်းက ကျေးလက်ဒေသနေပြည်သူတို့ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး ကျေးလက်ကျန်းမာရေးဆရာမနန်းခေါဝ် နှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ကတည်းက ပျက်ယွင်း နေသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုတို့သည် ပိုမိုဆိုးရွားလာကြောင်း ကျေးလက်ဒေသနေပြည်သူများထံမှ သိရသည်။

သျှမ်းပြည်တောင်ပိုင်းက စစ်ရေးမဖြစ်ပွားသည့် ကွန်ဟိန်းမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးအသိပညာပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိတော့ကြောင်း ကျန်မာရေးဝန်ဆောင်မှု ပေးနေသူများက ပြောသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိတော့သည့် သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသနေ ပြည်သူတို့၏ ကျန်းမာရေးအခြေအနေ၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် ပတ်သက်ပြီး ကျေးလက်ကျန်းမာရေးဆရာမ နန်းခေါဝ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – ကျေးလက်ဒေသတခု၌ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ်။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက် ကျေးလက်ဒေသကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုအခြေအနေတွေ ရှိပါလဲ။

ဖြေ။ ။ စစ်အာဏာမသိမ်းခင်ကတည်းကရော အခုအာဏာသိမ်းပြီးရော ကျမတို့ သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်အတွင်း မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေ နောက် လမ်းခရီးခက်ခဲတဲ့ နေရာတွေမှာက ကျေးလက်ကျန်းမာရေးဆရာမနဲ့ ဆေးဝါးလိုအပ်မှုက အရမ်းများပါတယ်။ မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ နေမကောင်းဖြစ်ရင် အိမ်မှာရှိတဲ့တိုင်းရင်းဆေးဝါးကိုပဲ အဓိကသောက်နေရတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေဆိုရင် မိုးတွင်းဆိုရင် လမ်းတွေကနွံတွေနဲ့ဆိုတော့ ဆိုင်ကယ်နဲ့သွား လို့မရဘူး။ လမ်းလျှောက်သွားရတယ်။

ကျမတို့ဆရာမတွေဆိုရင် ကျေးရွာကွင်းဆင်းရင်လည်း ခက်ခဲသလို အရေးပေါ်လူနာဆိုရင်လည်း မြို့တက် ဆေးရုံတက်ရရင် တော်တော်ဒုက္ခရောက်တယ်။ အခုနောက်ပိုင်း မိုးရွာရင်လည်း တောင်ပြိုတဲ့ ပြဿနာတွေ ၊ သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့် ရေတွေကလည်း အခြေအနေ ဆိုးရွားလာတယ်။ တောင်ကျရေ တွေကလည်း ရှားလာတယ်။ ရေမသန့်တော့ ကလေးတွေဝမ်းပျက်ဝမ်းလျော အသက်ပါ ဆုံးရှုံးရတာရှိတယ်။ ယားနာတွေလည်း ဖြစ်တယ်။ ဒါက ကျမကွင်းဆင်းပြီး တွေ့လာတဲ့ ပြဿနာတွေပါ။​

မေး။ ။ ဆရာမအနေနဲ့ ဝေးလံတဲ့ဒေသတွေကိုသွားပြီး ဆေးကုရတဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရပါလဲ။

ဖြေ။ ။ ကျမ အဓိကကြုံတွေ့ရတဲ့ စိန်ခေါ်မှုကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ မိုးတွင်း လူနာတွေဆီကို သွားရတဲ့အခါမှာ ရေကြီးတော့ ရေကိုဖြတ်ပြီးလမ်းလျှောက်ရတာ။ နောက် လှေနဲ့သွားရတာတွေလည်း ရှိတယ်။ အသက်ရင်းပြီးသွားရတဲ့ ညအချိန်လည်းရှိတယ်။ ဒီဘက်က နိုင်ငံရေးက အရင်ကတည်းက မကောင်းတော့ ညအချိန်မတော် လူနာအိမ်သွားရင် တစ်ခုခုဖြစ်မှာတော့ကြောက်ပေမယ့် လူနာက အဓိကဆိုတော့ မငြင်းဆန်ရဲဘူး။

ကျေးရွာကလူတွေက ရိုးရိုးနေမကောင်းရင် လာမခေါ်ကြဘူး။ အရေးပေါ် နောက် စိုးရိမ်ရတဲ့အခြေအနေရောက်မှ လာခေါ်တော့ ကျမကလည်း လိုက်ပေးရတယ်။ ကျမ ကုနိုင်တဲ့အခြေအနေမျိုး မရတေော့ရင် ဆေးရုံကိုလွှဲပြောင်း ပေးလိုက်တယ်။ တချို့ရွာဆိုရင် လှေတခါ၊ ထော်လာဂျီတခါ နောက်လမ်းလျှောက်တခါနဲ့မှ ရောက်သွားတာလည်း ရှိတယ်။

မေး။ ။ ဆရာမတို့နေတဲ့ ကွမ်ဟိန်း၊ မိုင်းနောင်ဘက်က တိုင်းရင်းသားလက်နက်ကိုင်ရော စစ်ကောင်စီတပ်တွေရောရှိတော့ ဒီကြားထဲ ဆရာမအနေနဲ့ လိုက်လျောညီထွေအောင် ဘယ်လိုလုပ်ကိုင်နေထိုင်ရပါလဲ။ ဆရာမ အနေနဲ့ရော လုံခြုံမှုရှိရဲ့လား။

ဖြေ။ ။ လက်နက်ကိုင်တွေကြားမှာ ခြိမ်းခြောက်တာခံရတယ်။ ၂၀၁၉ ခုနှစ်မှာတုန်းက ကျေးရွာဒေသတွေ ကွင်းဆင်းပြီး သားဆက်ခြားနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေလုပ်တော့ လက်နက်ကိုင်တပ်ဖွဲ့တခုက ကျမကို လာခြိမ်းခြောက်တယ်။ ကျေးရွာတွေမှာ ကလေးတွေမွေးဖွားမှုများတော့ သားဆက်ခြားဖို့အတွက် လက်မောင်းမှာ ပစ္စည်းထည့်တာ လိင်ဆက်ဆံချိန် ကွန်ဒုံး (အကာအကွယ်) သုံးတာ အသိပညာပေးတွေ လုပ်ခဲ့တယ်။ ဒီကိစ္စကို လက်နက်ကိုင်တပ်ဖွဲ့ကသိတော့ ပေးမလုပ်ဘူး။ ဘာလို့ ကိုယ့်လူမျိုးကို မျိုးသုဉ်းအောင်လုပ်တာလဲ။ ဖြစ်နိုင်ရင် ကလေးများများ မွေးခိုင်းရမယ်ဆိုပြီးပြောတယ်။

နောက်ထပ် ကျေးရွာတွေမှာ ဘာအသိပညာမှ ထပ်မပေးဖို့လည်း လာတားတယ်။ သိရင် ဒဏ်ကြေးရိုက်မယ်၊ ပြီးမှ သူတို့ကို အဆိုးမဆိုနဲ့ဆိုပြီး ခြိမ်းခြောက်တာခံရတယ်။ နောက်ပြီး အမျိုးသမီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပညာပေးတွေကိုလည်း ကျမတို့ ခိုးလုပ်ရတယ်။ ဘာကြောင့် လည်းဆိုတော့ ကလေးတွေ ဆက်တိုက်မွေးလို့ သေဆုံးသွားတဲ့ အမျိုးသမီးတွေကလည်း များတယ်လေ။ ဒါ့ကြောင့်အမျိုးသမီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ကလည်း အရေးကြီးတယ်လေ။

မေး။ ။ ကျေးလက်ဒေသမှာ အဓိကကြုံတွေနေရတဲ့ ကျန်းမာရေးပြဿနာဆိုရင် ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ကျေးလက်ဒေသမှာ ကလေးမွေးလူနာဆို လက်သည်တွေနဲ့ မွေးကြတာများတယ်။ ဒီလောက် ခေတ်မီပြီး ဖွံ့ဖြိုးနေတာတောင် ကလေးမွေးတာကတော့ အရင်ခေတ်က ထုံးစံလိုမျိုး မွေးနေသေးတယ်။ ဒီလက်သည်မွေးတဲ့အချိန်မှာ ကျမစိုးရိမ်ရတာက ကလေးရဲ့ချက်ကို ညှပ်တဲ့ကပ်ကြေးပဲ။ ကပ်ကြေးက မသန့်ရှင်းရင် ပိုးဝင်ပြီးသေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ အဲ့လို သေဆုံးမှုတွေကလည်း မနည်းတော့ဘူး။

နောက်ပြီး လက်သည်နဲ့မွေးတဲ့အချိန်မှာ ကိုယ်ခံအားနည်းတဲ့ ကိုယ်ဝန်သည်တွေက ညစ်အားမကောင်းရင် ကလေးကို မွေးရင်းတန်းလန်းနဲ့ ကျမကိုလာခေါ်တာတွေရှိတယ်။ အဲ့မှာ ကျမလည်း ခေါင်းတွေထူပူလို့ အတတ်နိုင်ဆုံး မွေးပေးတာရှိတယ်။ နောက်ပြီး အရမ်းအခြေအနေမဆိုးသေးရင် ဆေးရုံထိ ကိုယ်တိုင်လိုက်ပို့ ပေးတာတွေရှိတယ်။

လွန်ခဲ့တဲ့ ၂၀၁ ၀တုန်းကတော့ ကျမတို့ဒေသမှာ ဖွံ့ဖြိုးမှုနည်းတော့ ကလေးသေဆုံးမှုနှုန်း များလွန်းတာ ကြုံရတယ်။​ကလေးတွေ သေဆုံးမှုများတော့ ကလေးသင်္ချိုင်းဆိုပြီးတော့ နာမည်ထွက်တယ်။ အဲ့တုန်းကလည်း ကျမတို့ပညာပေးမှုတွေ တော်တော်လုပ်လိုက်ရတယ်။

မေး။ ။ ဆရာမအနေနဲ့ နောက်ဆုံးဘာများပြောချင်တာ အကြံပြုချင်တာရှိပါလဲ။

ဖြေ။ ။ ကျမတို့ဒေသမှာ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးက အရမ်းကို အရေးကြီး တယ်လေ။ ဖြစ်နိုင်ရင် မြို့နယ်ကျန်းမာရေးဌာနကိုယ်တိုင် ကျမတို့ကျေးရွာတွေဘက် ကွင်းဆင်းပြီးလေ့လာစေချင် ပါတယ်။​ မြေပြင်မှာ ကျန်းမာရေးချို့တဲ့ပြီး ကလေးတွေလူကြီးတွေ ဘယ်လိုရင်ဆိုင်နေရတာလဲဆိုတာ သိနိုင်တာ ပေါ့။ နောက်ပြီး ဝေးလံတဲ့ဒေသတွေမှာ ကျန်းမာရေးဗဟုသုတွေ အသိအမြင်ပိုကျယ်လာအောင် လုပ်ဖို့ပိုလိုအပ်တယ်။

အရမ်းဝေးတဲ့ ကျေးလက်ဆိုရင် ကျမတို့တောင်မရောက်နိုင်ဘူး။ သွားနိုင်အောင်လည်း သက်ဆိုင်ရာက စီစဉ်ပေး တာတွေ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လုပ်ပေးစေချင်တယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းရင်တော့ သွားရလာရလွယ်မယ်။ ကျန်းမာရေးအတွက်လည်း လက်လှမ်းမီတာပေါ့။ ကျမတို့ဒေသက ဘယ်အစိုးရ တက်တက် ကျန်းမာရေး၊ လူမှုရေးက ဘာမှ မပြောင်းလဲသွားဘူး။ အခုဆိုရင် ပိုဆိုးလာတာပဲရှိတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။