ထားဝယ်ခရိုင်တပ်ပေါင်းစု၏ စစ်ရေးလှုပ်ရှားမှုအခြေအနေများ အပါအဝင် ရင်ဆိုင်ကြုံရသည့်အခက်အခဲတို့နှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအား ဆက်သွယ်မေးမြန်းချက်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့က တော်လှန်ရေးအဖွဲ့များပါဝင်သည့် ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြသည်။
ယင်းနောက် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ပထမဆုံးတိုက်ပွဲအဖြစ် ကျော်နီမော်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့သည့်။ ယခုလိုမျိုး ထားဝယ်ခရိုင်အတွင်းက တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး တပ်ပေါင်းစုဖွဲ့လိုက်ရတဲ့ အကြောင်းအရင်းက ဘာကိုရည်ရွယ်ပါလဲ။
ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ပထမဆုံးတိုက်ပွဲအဖြစ် ကျောက်နီမော် ၅ ရက်တိုက်ပွဲအကြောင်း၊ စစ်ရေးလှုပ်ရှားမှုအတွင်း ရင်ဆိုင်ရသည့် အခက်အခဲနှင့် လက်ရှိ စစ်ရေးလှုပ်ရှားမှုအခြေအနေတို့ကို သိရှိနိုင်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အရင်ဆုံး ထားဝယ်ခရိုင်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး တပ်ပေါင်းစုဖွဲ့စည်းရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါ။
ဖြေ။ ။ တပ်ပေါင်းစုဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်က ထားဝယ်ခရိုင်ဒေသတစ်ခုလုံးမှာ အင်အားတွေရှိတယ်။ တော်လှန်ရေးအင်အားစုတွေပေါ့ စုစည်းချင်တာ။ စုစည်းပြီး သူလည်းတိုက်တာပဲ။ ကိုယ်လည်း တိုက်တာပဲ။ သူ့အင်အား ကိုယ့်အင်အားနဲ့သွားနေရင် ထိရောက်မှုမရှိဘူး ဖြစ်နေတယ်။ အဲဒါတွေကို စုစည်းပြီး တပ်ပေါင်းစု အနေနဲ့ စုစည်းဖို့ကြိုးစားတာ။ တပ်ပေါင်းစုဖြစ်လာရင် အင်အားအလုံးအရင်းနဲ့ ရန်သူကို ထိရောက်တိုက်နိုင်ဖို့ ရည်ရွယ်တာပေါ့။
မေး။ ။ လက်ရှိမှာ ထားဝယ်ခရိုင်တပ်ပေါင်းစုကဦးဆောင်ပြီး တိုက်ပွဲဖော်ဆောင်တာ တွေ့ရတယ်ပေါ့နော်။ တပ်ပေါင်းစုအနေနဲ့က ဘယ်လို အားသာချက်တွေရှိပါလဲ။
ဖြေ။ ။ တိုက်ပွဲကို အကုန်လုံးစုစည်းပြီးရင် တိုက်ပွဲဖော်ဆောင်တာရှိတယ်။ တိုက်ပွဲဖော်ဆောင်ရာမှာ ကျွန်တော်တို့တပ်ပေါင်းစုအနေနဲ့ ဖော်ဆောင်တာနဲ့ ရိုးရိုးတစ်ဖွဲ့ချင်းစီ သူနိုင်ရာသူ တိုက်ပွဲဖော်ဆောင်တာနဲ့ ကွာခြားချက်ရှိတယ်။ ရက်ရှည်တိုက်တဲ့ပုံစံမျိုးတွေ လုပ်နိုင်ခဲ့တယ်။
တပ်ပေါင်းစုအနေနဲ့ ကျောက်နီမော်တိုက်ပွဲကို ကျွန်တော်တို့ ၅ ရက်လောက်တောင့်ခံပြီး တိုက်နေခဲ့တယ်။ စကစက တိုက်နေတာတောင် ၅ ရက်လောက်အထိ ကျွန်တော်တို့ တိုက်နိုင်ခဲ့တယ်။ အောင်မြင်မှု အပြည့်အဝ မရသေးတာတောင်မှ အရင်ကထက်စာရင် ကျွန်တော်တို့ တိုးတက်မှုကောင်းကောင်း တွေ့ရတယ်။ စစ်ကောင်စီ ဘက်ကလည်း တော်တော်လေးကို ထိတ်လန့်သွားတဲ့အနေအထား တွေ့ရတယ်။
မေး။ ။ ဒီလိုမျိုး တပ်ပေါင်းစုအနေနဲ့ စုတိုက်တဲ့အခါမှာရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရတာရှိပါလဲ။
ဖြေ။ ။ အဓိက အခက်အခဲကတော့ ရန်သူကနေ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုနဲ့ စစ်ကူပေးတဲ့အခါမျိုးမှာ ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းတောင့်ခံနိုင်တဲ့ အနေအထားမှာရှိတယ်။ အဲဒါက အဓိက အခက်အခဲလို့ ပြောလို့ရတယ်။ လက်နက်ခဲယမ်းက စစ်သင်္ဘောနဲ့ လာပြီးတော့ပစ်တဲ့အခါ ကျွန်တော်တို့က စစ်သင်္ဘောကို ပြန်ပြီးကာပစ်နိုင်ဖို့ အဲဒီလက်နက်ခဲယမ်းတွေ အားနည်းတာရှိတယ်။
အားနည်းချက်တွေကတော့ အများကြီးပဲ။ တခြားတော့ သိပ်မရှိဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲရင် ကျွန်တော်တို့က ပြန်မခုခံနိုင်တာ ရှိတယ်။ စစ်သင်္ဘောနဲ့ တောက်လျှောက်ပစ်နေရင် စစ်သင်္ဘောလုံးဝဆုတ်သွားအောင် ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ရှေ့ဆက်တိုးမယ့်ဟာက အဲဒီလိုအခက်အခဲရှိတယ်။
မေး။ ။ လောင်းလုံး ကျောက်နီမော်တိုက်ပွဲနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုအတွက် ပထမဦးဆုံး တိုက်ပွဲဖြစ်တာကြောင့် ဘယ်လောက်ထိ လုပ်နိုင်မယ်လို့ မျှော်မှန်းထားခဲ့လဲ။ လက်တွေ့မှာရော ဘာတွေ ကွာခြားသွားတာရှိပါလဲ။
ဖြေ။ ။ တပ်ပေါင်းစုအဖြစ် ပထမဆုံးပွဲကိုဖော်ဆောင်တဲ့အခါမှာ စိတ်ဓာတ်ရေးရာရော အကုန်လုံးတက်ကြွပြီး ရန်သူကိုချေမှုန်းဖို့ပဲ အာရုံစိုက်ကြတယ်။ သိပ်ပြဿနာ မရှိဘူး၊ အကုန်လုံးက အဆင်ပြေတယ်။ ကျောက်နီမော် တိုက်ပွဲက ရေကြောင်းရော၊ လေကြောင်းပါ နယ်မြေအနေအထားအရ အန္တရာယ်ပေးနိုင်တယ်။ ကျွန်တော်တို့က ကုန်းကြောင်းတစ်ကြောင်းပဲ ယူနိုင်တယ်။
ကျွန်တော်တို့က အပြတ်တိုက်နိုင်ဖို့ ကြိုးစားနေတယ်။ မဖြစ်လာတဲ့အနေအထားမှာ ပြဿနာသိပ်မရှိဘူး။ ပထမဦးပိုင်းမှာ ဒီလောက်ထိလုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ ပြန်ဆုတ်လာနိုင်ခဲ့တယ်။ သူတို့စခန်းတစ်ခုကိုလည်း သိမ်းထားနိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ စစ်ကူလာတဲ့အင်အားတွေကို တော်တော်များများ ချေမှုန်းနိုင်ခဲ့တယ်။
မေး။ ။ ထားဝယ်ခရိုင်တပ်ပေါင်းစု ပွဲဦးထွက်တိုက်ပွဲမှာပဲ စခန်းတစ်ခုသိမ်းနိုင်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးခဲ့တဲ့အပေါ်မှာရော ဘာပြောချင်တာရှိပါလဲ။
ဖြေ။ ။ အဓိက စုစည်းမှုနဲ့သွားတဲ့အခါ စစ်ကောင်စီဘက်ကလည်း တော်တော်လေးခုခံရတယ်။ ကျွန်တော်တို့ စုစည်းထားတဲ့ တပ်ပေါင်းစုက ထားဝယ်ခရိုင် ၄ မြို့နယ်က ပကဖတွေပါမယ်။ PDF တွေပါမယ်။ စုစည်းပြီး သွားနေတာ ဖြစ်တယ်။
နောက်ပိုင်းကြရင် ပြည်တွင်းထဲ ရောပါလာရင် ဒီထက်မကလုပ်နိုင်မယ်။ အခုဒီပွဲမှာ သူတို့ထိတ်လန့်သွားတာ တွေ့ရတယ်။ တိုက်ပွဲမှာ သူတို့က ၁ နာရီ၊ ၂ နာရီလောက်ဆို ပြန်ဆုတ်သွားမယ်လို့ယူဆထားကြတာ။ တကယ်က ၅ ရက်လောက်အထိ တောင့်ခံပြီးတော့ တိုက်ပွဲကို တောက်လျှောက်ဖော်ဆောင်နိုင်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ လက်ရှိ ထားဝယ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုအခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ သရက်ချောင်းဘက်မှာ စစ်ကြောင်းထိုးနေတာတွေ ရှိတယ်။ ထားဝယ်ခရိုင် ၄ မြို့နယ်မှာ သူတို့ အင်အားပို့ဆောင်တာတွေ လုပ်ခဲ့တယ်။ အရှေ့မှာလည်း ကျောက်နီမော်ကနေ သူတို့ရေကြောင်းကနေ ထားဝယ်မြို့ထဲကို လုပ်ခဲ့ပြီးပြီ။ စစ်မှုထမ်းအပတ်စဉ်တွေကနေလည်း သူတို့အင်အားတွေလိုက်ပြီး သုံးနေတာ ရှိတယ်။ မြို့ထဲရော ကျန်တဲ့နေရာရော သူတို့အင်အားတွေရှိတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။