စစ်တွေတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ

0
154
Photo – Social Media

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်က ဇန်နဝါရီ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း လက်နက်ကြီး/ငယ်၊ ဒရုန်း၊ စနိုက်ပါများအပြင် လေကြောင်း၊ ရေကြောင်းတို့ဖြင့်လည်း နေ့စဉ်ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ကြောင်း AA က ဆိုသည်။

ဇန်နဝါရီလ ၂၀ နေ့လည်ပိုင်းကလည်း စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝါဘိုကျေးရွာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာများကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် စစ်ကောင်စီက ဒရုန်းများဖြင့် ပစ်ခတ်မှုရှိနေပြီး ရွှေမင်းဂံရေတပ်နှင့် ပါဒလိတ်အခြေစိုက် ခမရ ၂၃၂၊ ခမရ ၃၄၄ တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တွေမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းတွေ၊ စနိုက်ဘာတွေနဲ့ လှမ်းပစ်တာတွေ ရှိတယ်။ အထူးသဖြင့် ဝါဘို၊ မီးလောင်ရွာ ပတ်ဝန်းကျင်တွေကို ပစ်တာ။ ပုဏ္ဏားကျွန်းအပိုင်မှာရှိတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီရဲ့ ရွှေမင်းဂံရေတပ်နဲ့ ပါဒလိတ် အခြေစိုက် ခမရ ၂၃၂၊ ၃၄၄ တပ်ရင်းတွေကနေပြီး ၁၂၀ မမ၊ ၈၀ မမ တွေနဲ့ နေတိုင်းလှမ်းပစ်နေတာရှိတယ်။ အထူးသဖြင့် ကွမ်းတောင်၊ အိုင်ဒင်၊ စပါးထားနဲ့ ကျွဲထိုးကျေးရွာတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တာ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်စစ်ဆိုင်ထားပြီး မကြာခဏ ပစ်ခတ်မှုများလည်းရှိနေသည့် အနေအထားဖြစ်ကြောင်း စစ်ရေးသတင်းရင်းများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးထားကျေးရွာနှင့် ဘောင်ဒူလာ ကျေးရွာတို့ကိုလည်း လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားနေအိမ်များနှင့် ကျွဲ၊ နွားအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်ရှိ ကျေးရွာပေါင်း ၃၀ နီးပါးက သောင်းနှင့်ချီသည့် ဒေသခံများသည်လည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

စစ်တွေမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာပြီးနောက် စစ်ကောင်စီက မြို့တွင်းလုံခြုံရေး တင်းကြပ်ထားကြောင်း မြို့ခံများပြောဆိုမှုအရ သိရသည်။

စစ်တွေမြို့ခံတစ်ဦးက “မြို့တွင်းလုံခြုံရေးကတော့ အရင်ထက်စာရင် တင်းကြပ်မှု ရှိလာတယ်။ တချို့ စစ်ဆေးရေးဂိတ်တွေမှာဆိုရင် အရင်ကထက် တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုးရှိတယ်။ ဖမ်းဆီးတာမျိုးတော့ မကြားဘူး။ တချို့ကလည်း ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်မှုတွေရှိတာကြောင့် ရန်ကုန်ဘက်ကို တိမ်းရှောင်သွားကြတာရှိတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့ မြို့မဈေးအနီး လက်နက်ကြီးအပိုင်းအစများ ကျရောက်ရှိခဲ့သည့်အတွက် ဈေး ၃ ရက်ပိတ်ခဲ့ပြီး လက်ရှိတွင် ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်သည်ဟု စစ်တွေမြို့ခံများက ပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး စစ်တွေမြို့နယ်တွင် လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနှင့် စနိုက်ဘာများဖြင့် ပစ်ခတ်လာနေခြင်း ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here