ဗန်းမော် ခလရ ၄၇ နှင့် စကခ ၂၁ နှစ်ခုစလုံးကို KIA ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေ

0
161
ပုံစာ - ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA စစ်သားများ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရှိသည့် ခလရ ၄၇ တပ်ရင်းနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

KIA ဘက်က ဗန်းမော် ခလရ ၄၇ နှင့် စကခ ၂၁ တပ်ရင်းနှစ်ခုစလုံးကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး ဗန်းမော်ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောပါသည်။

“စစ်ရေးအခြေအနေကတော့ နှစ်စလုံးအပြန်အလှန်စောင့်ကြည့်နေပြီး ပစ်ခတ်နေတဲ့သဘောမှာ ရှိနေတယ်။ နေ့တိုင်းပြင်းပြင်းထန်ထန် ပစ်ခတ်ကြတာမျိုးတော့ မရှိဘူး။ စစ်ကောင်စီတပ်သားတွေက ခလရ ၄၇ နဲ့ စကခ ၂၁ စခန်းအထဲမှာ ရှိနေကြတယ်။ အပြင်ဘက်မှာက KIA တပ်တွေ ဝိုင်းရံထားတယ်။ အဓိကတော့ KIA ဘက်ကနေ စခန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို အစားအသောက်တွေကအစ ဖြတ်ထားတယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။

ထိုစစ်ကောင်စီ တပ်ရင်းနှစ်ခုစလုံးအတွက် စစ်ရိက္ခာတွေကို လေကြောင်းနှင့် လာပို့ပေးခြင်းကလွဲပြီး KIA ဘက်က လုံးဝ ပိတ်ဆို့ထားသည့်အခြေအနေ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

KIA တပ်ဘက်က စစ်ကောင်စီတပ်ရင်းနှစ်ခုစလုံး ဝိုင်းရံပိတ်ဆို့ထားသည်မှာ နှစ်ပတ်လောက် ကြာမြင့်လာပြီး စစ်ကောင်စီဘက်ကလည်း KIA တပ်တွေ ပိတ်ဆို့ထားသည့်ကြားကနေ ဒရုန်း၊ လက်နက်ကြီးများနှင့် တန်ပြန် ပစ်ခတ်သည့်အတွက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီဘက်က တပ်ရင်းနှစ်ခု လက်မလွတ်ရေးအတွက် KIA တပ်များရှိရာဘက်ကို နေ့တိုင်းလိုလို ပြင်းပြင်းထန်ထန် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် KIA ပူးပေါင်းတပ်ဘက်က ဝင်ရောက်ရန် ခက်ခဲနေသေးခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ဗန်းမော်ဒေသခံတချို့၏ ပြောဆိုချက်အရ ခလရ ၄၇ နှင့် စကခ ၂၁ တပ်ရင်းနှစ်ခုတွင် စစ်ကောင်စီတပ်သားများအပြင် အုပ်ချုပ်ရေးဆိုင်ရာ အကြီးပိုင်းဝန်းထမ်းတချို့လည်း စစ်ကောင်စီတပ်သားများနှင့်အတူ သွားရောက်ပုန်းရှောင်နေကြသည်ဟု ပြောဆိုကြသည်။

ယခုလို KIA ပူးပေါင်းတပ်တို့၏ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုကို ခံနေရတာကြောင့် ခလရ ၄၇ နှင့် စကခ ၂၁ တပ်ရင်း နှစ်ခုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူရှိနေသောဝန်းထမ်းတချို့ အစားအစာပြတ်တောက်နေသည်မှာ တပတ်ခန့် ရှိလာပြီဟုလည်း KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောသည်။

“ဗန်းမော်က နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ရမယ်။ စစ်တပ်ကလည်း နေ့၊ ည အဆက်မပြတ် လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဒီမနက်လည်း အစောကြီးလာပစ်တယ်။ မနေ့ညလည်း လာပစ်တယ်” ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီဘက်က လေကြောင်းနှင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဗန်းမော်မြို့တွင်းရပ်ကွက်က အရပ်သားပြည်သူတို့၏ နေအိမ်များ နေ့စဉ်ပျက်စီးမှုများရှိနေပြီး ဗန်းမော်တိုက်ပွဲ ဖြစ်ပွားသည့် တစ်လဝန်းကျင်အတွင်း ဒေသခံပြည်သူ သေဆုံးသူ ၁၅၀ ခန့် ရှိလာပြီလို့ ဗန်းမော်ဒေသခံများက ပြောသည်။

ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့်၂၀၂၄၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်း၌ တကြော့ပြန် ပြန်လည်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီလ ၈ ရက်နေတွင် ဗန်းမော်မြို့နှင့်အတူ တပြိုင်နက်တိုက်ခိုက်ခဲ့သည့် မံစီမြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here