MDF နှင့် CDF – Kanpetlet ထံ ချင်းလဲန်းကောင်စီဥက္ကဌ မေတ္တာရပ်ခံစာပေးပို့

0
143
ပုံစာ - ချင်းလဲန်းကောင်စီဥက္ကဌ ပူးဇင်ကျုံး

ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားရန် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် Maraland Defense Force (MDF) နှင့် CDF-Kanpetlet တပ်ဖွဲ့များထံ ချင်းလဲန်းကောင်စီဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ချင်းလဲန်းကောင်စီ ဥက္ကဌလည်းဖြစ် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌပူးဇင်ကျုံးက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့် ချင်းကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့၏ စစ်ဦစီးချုပ်တို့ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းလဲန်းကောင်စီဥက္ကဌ၏ မေတ္တာရပ်ခံစာကို ချင်းညီနောင်အဖွဲ့၏ စစ်ရေးကော်မတီ ဥက္ကဌကိုပါ လိပ်မူထားပြီး တခြား ချင်းညီနောင်အဖွဲ့ဝင်များသို့ ပေးပို့ခြင်းမရှိကြောင်းလည်း သိရသည်။

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့များ၏ ကြားဝင်ဖြေရှင်းမှုများ ဆောင်ရွက်နေချိန်တွင် ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သော သွေးထွက်သံယိုမှု၊ စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီးက သတိထားရှောင်ရှားရမည့် အချိန်ကာလဖြစ်သည်ဟု ပေးပို့စာတွင်ဖော်ပြပါရှိပြီး ညှိနှိုင်းပေါင်းစပ်မှု နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြပါရန် ချင်းလဲန်းကောင်စီဥက္ကဌက မေတ္တာရပ်ခံထားကြောင်း သိရသည်။

ကန်ပက်လက်မြို့နှင့် မရာဒေသတွင် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းညီနောင်အဖွဲ့ဝင်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်း၊ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ချင်းလဲန်းကောင်စီဥက္ကဌက မေတ္တာရပ်ခံစာ ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က “CC မှာ ပါဝင်တဲ့ ကန်ပက်လက်ကောင်စီနဲ့ CB မှာ ပါဝင်တဲ့ ကန်ပက်လက်မြို့နယ်ကောင်စီဆိုပြီး ရှိကြတယ်။ ပြည်သူလူထုတွေကလည်း နှစ်ခြမ်းပုံစံဖြစ်နေကြတော့ ဒီဟာတွေကိုစုစည်းတဲ့အချိန်မှာ ပထမခြေလှမ်း အနေနဲ့က ကန်ပက်လက်မြို့ထဲက ပြည်သူတွေ၊ ပြီးတော့ ကန်ပက်လက်မှာရှိတဲ့ တော်လှန်ရေးတွေကို တခုထဲဖြစ်အောင်ကို ကျနော်တို့အနေနဲ့ လိုလားပါတယ်ဆိုတဲ့ သဘောပါ” ဟု ပြောဆိုသည်။

ဆက်လက်ပြီး ဆလိုင်းပေါလ်က “တဖက်မှာလည်း ဒီလိုစုစည်းဖို့အတွက် ဆောင်ရွက်တဲ့အချိန်မှာ သွေးထွက် သံယိုမှုတွေ၊ ပဋိပက္ခတွေ၊ လက်နက်နဲ့ ဖြေရှင်းတာတွေကို မလိုလားတဲ့အတွက် ဒါတွေကို ဝိုင်းဝန်းပြီးမှ အဖြေရှာ ကြမယ်။ စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့အချိန်မှာ အင်အားတွေနဲ့သုံးပြီး ဖြေရှင်းတာမျိုး နှစ်ဖက်စလုံးက မလုပ်ကြဖို့ ပေးပို့စာပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က ချင်းလန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်ကောင်စီ၏ တပ်ဖွဲ့စခန်းကို CDF – ကန်ပက်လက်က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းတွင်လည်း ကန်ပက်လက် ကောင်စီ၏ ခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့တွင် ချင်းလန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် ကန်ပက်လက်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်သည့် ကန်ပက်လက်မြို့နယ်ကောင်စီဟူ၍ ရှိသည်။

မတူပီမြို့နယ်၊ မရာဒေသတွင်လည်း ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် CDF – Lautu ၊ CDF – မရာနှင့် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်သည့် Maraland Defense Force (MDF/ MTC) တို့ကြား စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေကြောင်း သိရသည်။

“MDF ကို ပို့ထားတာက မရာနယ်မှာ လှုပ်ရှားတဲ့နယ်မြေထဲမှာ MDF နဲ့ CDF – လောက်တူနဲ့ကလည်း နယ်မြေ ကိစ္စအချို့ကြောင့် အငြင်းပွားနေတာတွေလည်းရှိတယ်။ ဒီဟာတွေ CDF – မရာနဲ့ CDF – လောက်တူက ကျနော်တို့ CC မှာ ပါဝင်တဲ့အဖွဲ့တွေ ဖြစ်တယ်။ တဖက် MDF က CB မှာ ပါတဲ့အဖွဲ့ဖြစ်တယ်။ ဒီပဋိပက္ခတွေကြားထဲမှာ ဖြေရှင်းဆောင်ရွက်တဲ့အချိန်မှာ ကန်ပက်လက်လိုဟာမျိုးပဲ လက်နက်ကိုင်ပြီးတော့ ဖြေရှင်းတာမျိုးမလုပ်ဘဲနဲ့ အတတ်နိုင်ဆုံး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အလားတူ ကန်ပက်လက်လိုပဲ မေတ္တာရပ်ခံ ထားတာပါ” ဟု ဆလိုင်းပေါလ်က ဆက်ပြောသည်။

ချင်းလဲန်းကောင်စီဥက္ကဌ၏ မေတ္တာရပ်ခံစာသည် MTC / MDF ၏ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးထံသို့ ပေးပို့ခြင်းမရှိဘဲ စစ်ရေးဌာနမှ စစ်ဦးစီချုပ်ထံပေးပို့ခြင်းက MTC / MDF ကို အသိအမှတ်မပြုခြင်းဖြစ်ကြောင်း MTC/ MDF အထွေထွေအတွင်းရေးမှူး Paw Sila က ပြောဆိုသည်။

Paw Sila က “အဲဒီစာက MDF ကို အသိအမှတ်မပြုတဲ့အနေနဲ့ ကျနော်တို့ မြင်ရပါတယ်။ အဲဒါကြောင့် MDF/ MTC ကို အသိအမှတ်မပြုတဲ့စာကို အကြောင်းပြန်ဖို့ မရှိပါဘူး။ ဒုတိယအနေနဲ့ကြည့်ရင် စစ်ရေးဘက်ကို မလုပ်ဖို့ ဖြစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ချင်းလဲန်းကောင်စီက တပ်တွေကို မရာဒေသကို လာပို့တာလဲ။ ဘာလို့ စစ်ဆင်ရေး လာလုပ်နေတာလဲ။ လက်နက်အပြည့်အစုံနဲ့ ဘာလို့လာနေတာလဲ။ အဲဒါကို မလာဘူးဆိုရင် စစ်ရေး ဖော်ဆောင် စရာ အကြောင်းလည်းမရှိပါဘူး။ ပြသနာဖြစ်စရာ အကြောင်းလည်း မရှိပါဘူး” ဟု ပြောသည်။

ဆက်ပြီး Paw Sila က “သူတို့တပ်တွေကို ရုတ်သိမ်းလိုက်ရင်ပြီးတဲ့ဟာကို သူတို့က ဒရုန်းရော၊ လက်နက် အပြည့်အစုံနဲ့ လာတိုက်နေတော့ ကျနော်တို့က ခံနေရမှာလား။ အဲဒါကြောင့် ကျနော်တို့ စစ်ရေးဘက်ကို လုံးဝ မပြုချင်လို့ ကျနော်တို့က အမြဲတမ်းထိန်းနေရတာ ဖြစ်ပါတယ်။ အလကားသေလို့ မရလို့သာ ခုခံကာကွယ်တဲ့ အနေနဲ့ ဒီလိုအခြေအနေရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း သေနတ်သံတွေ ကြားနေရတဲ့အချိန် ဖြစ်တယ်။ စာနဲ့လက်တွေ့က လုံးဝကိုက်ညီမှု မရှိဘူးလို့ပဲ ကျနော်တို့မြင်ပါတယ်” ဟု ပြောဆိုသည်။

ကန်ပက်လက်နှင့် မရာဒေသက ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား ပြေလည်မှုရရှိနိုင်ရေးအတွက် Third Party အရပ်ဖက်အဖွဲ့အစည်းများက ကြားဝင် ညှိနှိုင်းမှုများလည်း ရှိနေကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here