စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး သေဆုံး

0
113
Photo - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုသည်။

မြန့်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ကောက်ယူရရှိသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၅၇ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု BWU က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

BWU တွဲဖက်အထွေထွေအတွင်းရေးမှူး -၂ ဒေါ်ယဉ်မျိုးလှိုင်က “ အများစုရွာတွေမှာ ကျန်ရှိနေတာက သက်ကြီးရွယ်အိုအမျိုးသမီးတွေရှိမယ်။ အမျိုးသမီးငယ်တွေ ရှိမယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီမှာဆိုလို့ရှိရင် လေယာဉ်ဗုံးကြဲတာ လက်နက်ကြီးပစ်ခတ်တာတွေက ရွာတွေကို အများဆုံးပစ်မှတ်ထားတာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေသေဆုံးမှု ပိုများတယ်လို့ မှတ်ချက်ပေးချင်တာပေါ့နော်” ဟု ပြောသည်။

ထို့အတူ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်သည် အရပ်သားပစ်မှတ်မခွဲခြားဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၁၄၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၆၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ၆ ဦးနှင့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ သေဒဏ်ပေးမှုကြောင့် ၁ ဦးတို့ သေဆုံးခဲ့သည်ဟု BWU က ဆိုသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အမျိုးသမီး ၄၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၉၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၅၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၁၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄၂ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁၂ ဦးနှင့် အကြမ်းဖက် စစ်အုပ်စု၏ အကျဉ်း ထောင်တွင်း နှိပ်စက်မှုများကြောင့် ၅ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်သည့်နေရာများ၊ ကျေးရွာများကို လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့်အပေါ် မွန်ပြည်လူသားချင်းစာနာမှုကွန်ရက်အဖွဲ့ (MSHN) က မိဆောင်းကလည်း ယခုကဲ့သို့ ပြောသည်။

“တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နေရာတွေမှာ သူတို့ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ဖျက်ဆီး လိုက်ခြင်းဖြင့် တခြားနယ်မြေက ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲလို့ရတယ်လေ။ တော်လှန်ရေးအင်အားစုတွေကို ပေးနေလို့ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာဆိုတဲ့ ကြောက်စိတ်သွင်းတာ” ဟု ၎င်းက ဆိုသည်။

တစ်နှစ်တာအတွင်း သေဆုံးခဲ့ရသည့်အမျိုးသမီးဦးရေမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀၉ ဦး၊ ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦးနှင့် မန္တလေးတိုင်းဒေသကြီး မှ ၆၇ ဦးတို့ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်သည်ဟု BWU က ဆိုသည်။

နိုင်ငံတစ်ဝှမ်း အမျိုးသမီး ထိခိုက်သေဆုံးမှု အရေအတွက်သည် မြေပြင်တွင် ယခုထက်ပို၍ များနိုင်သည်ဟုလည်း (BWU) ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here