ရှမ်းမြောက်၊ ဝိန်းဆိုင်ကျေးရွာတွင် တပ်ချရန်ပြင်ဆင်နေသည့် ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်နေ

0
97
ပုံစာ - ဝိန်းဆိုင်ကျေးရွာအလယ်တွင် တပ်ချရန်ပြင်ဆင်နေသည့် ကိုးကန့်တပ်ကို ကချင်ဒေသခံများ ကန့်ကွက်နေသည့်မြင်ကွင်း။

ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ အလယ်တွင်ရှိသည့် အများပိုင် ဆန်စက်ရုံကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်စခန်းချရန် ပြင်ဆင်လာသည်ကို ဒေသခံပြည်သူတို့က ကန့်ကွက်နေကြောင်း သိရသည်။

ကိုးကန့် MNDAA တပ်ဖွဲ့က မုံးပေါ်ကနေ ရောက်ရှိလာပြီး ဝိန်းဆိုင်ရွာတွင် MNDAA ရုံးစိုက်ရန်အတွက် ဝိန်းဆိုင် ကျေးရွာအလယ်ရှိ အများပြည်သူအသုံးပြုရာနေရာကို ယူရန် ဆုံးဖြတ်ပြင်ဆင်လာချိန်၌ ဒေသခံလူဦးရေ ၁၀၀ ခန့်က ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု ဝိန်းဆိုင်ဒေသခံများက ဆိုသည်။

ဝိန်းဆိုင်ဒေသခံ အမျိုးသားတစ်ဦးက “ကိုးကန့် MNDAA တပ်ဖွဲ့က သူတို့ရုံးစိုက်ဖို့ နေရာလာယူတာ၊ အဲဒီနေရာက စျေးနားမှာလည်းဖြစ်တယ်။ ပြီးတော့ ကလေးတွေ ဆော့ကစားရာနေရာ၊ ကား၊ ဆိုင်ကယ်တွေ ခဏတဖြုတ် ရပ်နားရာနေရာ ဖြစ်တယ်။ ဆန်စက်ထားရှိရာနေရာ အများပြည်သူပိုင်နယ်မြေ ဖြစ်တယ်။ ဒါကြောင့် ဒီစျေးနားမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက နေရာယူရုံးစိုက်တာမျိုးတွေ မလုပ်သင့်ဘူးဆိုပြီး ရွာသားတွေက သဘောမတူတာ” ဟု ပြောသည်။

အဆိုပါနေရာသည် လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက အများပိုင်ကျေးရွာဆန်စက်ရုံဖြစ်သလို အများပြည်သူ ယာဉ်ရပ်နားရာနေရာနှင့် ကျေးရွာရှိကလေးငယ်များ ဆော့ကစားရာ နေရာတစ်ခုဖြစ်တာကြောင့် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် တပ်ချ၊ ရုံးစိုက်နေရာယူခြင်းကို ခွင့်မပြုနိုင်ကြောင်း ဒေသခံများက ကန့်ကွက်ပြောဆိုကြသည်။

ကိုးကန့် MNDAA တပ်ဖွဲ့ဘက်ကလည်း အများပိုင်နယ်မြေဖြစ်တာကြောင့် MNDAA ရုံးစိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဝိန်းဆိုင်ဒေသခံအမျိုးသားက ပြန်ပြောသည်။

ဝိန်းဆိုင်၊ လွယ်ဆာ စသည့် ကျေးရွာတို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်မှုအောက် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော ဒေသဖြစ်ပြီး၊ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဝိန်းဆိုင်ကျေးရွာတွင် ရုံးစိုက်ရန် ကြိုးစားလာသည့်အပေါ် ကျေးရွာထဲ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

“ရွာမှာ ကိုးကန့် MNDAA လည်း ရုံးပြန်စိုက်လာတော့ လက်နက်ကိုင်အဖွဲ့များရင် သိတဲ့အတိုင်း ပြဿနာတွေ ဖြစ်ပွားလာမလား၊ ပြီးရင် အဲဒီနေရာက လက်နက်ကိုင်တွေနေဖို့ မသင့်တော်တာကြောင့်ဖြစ်တယ်” ဝိန်းဆိုင်ဒေသခံအမျိုးသားက ဆက်ပြောသည်။

မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးပေါ်ဒေသကို ကိုးကန့် MNDAA တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ နှစ်ဖွဲ့လုံး နေရာယူလှုပ်ရှားနေပြီး ဒေသခံများက တပ်ဖွဲ့နှစ်ဖွဲ့ အုပ်ချူပ်ရေးယန္တရားအောက်တွင် နေထိုင်သွားလာ လုပ်ကိုင်နေရခြင်းလည်း ဖြစ်သည်။

ဝိန်းဆိုင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ကချင်တိုင်းရင်းသားအများဆုံးနေထိုင်ရာ ဒေသဖြစ်ပြီး ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချူပ်မှုအောက် လည်ပတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here