ချင်းအမျိုးသားတပ်ဦး CNF ၏ ၂၀၂၅ ခုနှစ် စစ်ရေးရည်မှန်းချက်အပါအဝင် ချင်းအမျိုးသားညီညွတ်ရေး အခိုင်အမာအုတ်မြစ်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့်အပေါ် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်။
မြန်မာ့နွေဦးတော်လှန်ရေးတွင် တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး ဆန့်ကျင်တော်လှန်သည့် ချင်းပြည်တွင် တော်လှန်ရေးကာလ ၄ နှစ်နီးပါးရှိလာချိန် ချင်းပြည်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ချင်းတော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။
ယခုလက်ရှိတွင်လည်း ချင်းပြည် တောင်ပိုင်းတစ်ခုလုံးဖြစ်သည့် ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့၌ စစ်ကောင်စီကင်းစင်သွားပြီဖြစ်သလို ချင်းပြည်မြောက်ပိုင်းတွင်လည်း တွန်းဇံမြို့နယ်သည် စစ်ကောင်စီကင်းစင်သွားပြီ ဖြစ်သည်။ ဖလမ်းမြို့တွင်လည်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်နေကြသည်။
လက်ရှိ၌ ပြည်နယ်၏မြို့တော် ဟားခါးမြို့နှင့် တီးတိန်၊ ထန်တလန်မြို့ပေါ် နေရာတချို့၌သာ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူတပ်စွဲထားကြဆဲ ဖြစ်ပါသည်။
ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌလည်းဖြစ် ချင်းလဲန်းကောင်စီဥက္ကဌ ပူးဇင်ကျုံးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းသဝဏ်လွာတွင် ၂၀၂၅ ခုနှစ်သည် ချင်းပြည်တွင် စစ်ကောင်စီကင်းစင်သည့် ပြည်နယ်ဖြစ်ရေးနှင့် ချင်းအမျိုးသားညီညွတ်ရေး အခိုင်အမာအုတ်မြစ်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်ဟု ပြောဆိုသွားခဲ့သည်။
ထိုအခြေအနေများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးရည်မှန်းချက်က ဘယ်လို ရှိပါလဲခင်ဗျာ။
ဖြေ။ ။ ၂၀၂၅ အတွင်းမှာ ချင်းလဲန်းအတွင်း စစ်ကောင်စီကင်းစင်ရေးကို အဓိက မျှော်မှန်းရတာပေါ့။
မေး။ ။ ၂၀၂၅ မှာ ချင်းပြည်နယ်ဟာ စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် မြင်တွေ့ရနိုင်လားခင်ဗျာ။ အဲဒီအတွက် ဘယ်လိုမျိုးစစ်ဆင်ရေးတွေဖော်ဆောင်မှာပါလဲ။ အရင်နှစ်တွေထက် တိုက်ပွဲတွေပိုပြီး ပြင်းထန် လာနိုင်ပါလား။
ဖြေ။ ။ စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်ထားပါတယ်။
မေး။ ။ ၂၀၂၅ ဟာ ချင်းစည်းလုံးညီညွတ်ရေး အခိုင်အမာ အုတ်မြစ်ချနိုင်တဲ့နှစ်ဖြစ်ရေး ကြိုပမ်းဆောင်ရွက် ကြဖို့ ချင်းလဲန်းကောင်စီဥက္ကဌက နှစ်ကူးမိန့်ခွန်းမှာ ပြောထားပါတယ်။ ချင်းလဲန်းကောင်စီနဲ့ ICNCC ၊ ချင်းညီနောင်ပေါင်းစည်းရေးဟာ ၂၀၂၅ မှာ ဘယ်လိုအခြေအနေ ရှိနိုင်ပါလဲ။
ဖြေ။ ။ ငါတို့အတွင်း အမြင်မတူမှုတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ချိတ်ဆက်ဆွေးနွေးမှုတွေ ထဲထဲဝင်ဝင် လုပ်ဖို့ ပြင်ဆင်ထားပါတယ်၊ ၂၀၂၅ က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။
မေး။ ။ တီးတိန်မြို့ကို PDA က သိမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ မဟာမိတ်အဖွဲ့တွေကိုလည်း ဖိတ်ခေါ် ထားပါတယ်။ PDA ဟာ ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်တဲ့အတွက် ချင်းလဲန်းကောင်စီအနေနဲ့ တီးတိန်မြို့ စစ်ဆင်ရေးနဲ့ပတ်သက်လို ဘယ်လိုသဘောထား ရပ်တည်ချက်ရှိပါလဲ။
ဖြေ။ ။ PDA ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်၊ အနည်းဆုံး ပါဝင်ပူးပေါင်းမှုလုပ်ဖို့ မဖြစ်နိုင်ရင်လည်း ဘေးရှောင်ကြဖို့ပါပဲ။
မေး။ ။ တော်လှန်ရေးဖော်ဆောင်တဲ့နေရာမှာ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ဖို့က အဓိကမဟုတ်လား ခင်ဗျာ။ ဘာကြောင့် မြို့သိမ်းစစ်ဆင်ရေးတွေမှာ သူ့နယ်မြေ၊ ကိုယ့်နယ်မြေခွဲခြားပြီး လုနေကြတာပါလဲ။ ဘာကြောင့် ပူးပေါင်းစစ်ရေးဖော်ဆောင်မှုတွေ မလုပ်နိုင်ရတာလဲ။
ဖြေ။ ။ ကျနော်တို့ချင်းတွေက ဘိုးဘွားခေတ်ကတည်းက မျိုးနွယ်အလိုက် နေထိုင်အုပ်ချုပ်လာခဲ့တဲ့ ဓလေ့ရဲ့ သန္ဓေပေါ့။ အဲဒါကြောင့် အားလုံးစုစည်းနိုင်တဲ့ ချင်းလဲန်ကောင်စီကနေ စစ်ရေးနိုင်ငံရေးကို ဖော်ဆောင်နေတာပါ။
မေး။ ။ ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ထောင်မှု ၁ နှစ်ဝန်းကျင် ရှိလာချိန်မှာ ပြည်သူ့ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ ကျနော်တို့မှာ ချင်းလဲန်းကောင်စီမဖွဲ့ခင် ဒေသန္တာရအုပ်ချုပ်ရေးဖွဲ့ပြီးသားဆိုတော့ အဲဒါက အားသာချက် ပေါ့။ အဲဒါကို ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အောက်မှာ စုစည်းပြီး စစ်ရေးအုပ်ချုပ်ရေးကိစ္စတွေကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်၊ အခုဆို ထင်သာမြင်သာတဲ့ ရုပ်လုံးတွေပေါ်လာနေပါပြီ။ NUG, တခြား Federal Unit တွေနဲ့လည်း ချိတ်ဆက်မှုတွေ လုပ်နေပါပြီ။
မေး။ ။ ၂၀၂၅ ခုနှစ်ထဲမှာ ချင်းတော်လှန်ရေးအင်အားစုတွေ အဓိကရင်ဆိုင်ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ၂၀၂၅ မှာက စကစ ကင်းစင်ပြီး အချင်းချင်းကြားအမြင်မတူသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတွေ ပိုမိုအောင်မြင်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
KMG ပေးပို့သည်။