29 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“KIO/KIA ရဲ့ စစ်ဆင်ရေးပန်းတိုင်က တော်လှန်ရေးအောင်မြင်ဖို့ ဖြစ်တယ်။ စစ်ရေးအောင်မြင်မှုပန်းတိုင်က မရောက်ရှိသေးဘူး။ ဒါကြောင့် တိုက်ပွဲက ငြိမ်သက်သွားမယ်လို့တော့ ကြိုတင်တွေးဆထားလို့တော့မရဘူး။ ဆက်လက်ပြီးတော့...

“KIO/KIA ရဲ့ စစ်ဆင်ရေးပန်းတိုင်က တော်လှန်ရေးအောင်မြင်ဖို့ ဖြစ်တယ်။ စစ်ရေးအောင်မြင်မှုပန်းတိုင်က မရောက်ရှိသေးဘူး။ ဒါကြောင့် တိုက်ပွဲက ငြိမ်သက်သွားမယ်လို့တော့ ကြိုတင်တွေးဆထားလို့တော့မရဘူး။ ဆက်လက်ပြီးတော့ ဖြစ်လာမယ့်တိုက်ပွဲတွေမှာကတော့ ပါဝင်ဆင်နွှဲရအုံးမှာ ဖြစ်ပါတယ်” ဗိုလ်မှူးကြီးနော်ဘူ/ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

လာမည့် ၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်၏ စစ်ရေးအလားအလာ ပြောင်းလဲလာနိုင်မှုနှင့်ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်ရေးအတွက် တိုက်ပွဲဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA စစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ကချင်ပြည်နယ်တစ်လုံးရှိ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသည့် မြို့နယ်တချို့နှင့် ဗျူဟာမြောက်တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိခဲ့သည်။

၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ တစ်နှစ်တာအတွင်း ကချင်ပြည်နယ်ထဲက KIA သိမ်းပိုက်ထားနိုင်သည့် မြို့ပေါင်း ၁၀ မြို့ကျော် အပါအဝင် ကချင်ပြည်နယ်ရှိ ခရိုင် (၄) ခုထဲက စစ်ကောင်တပ်၏ မဟာဗျူဟာမြောက် တပ်စခန်းများကို ရာနှင့်ချီ သိမ်းပိုက်နိုင်ခဲ့သည်။

KIA စစ်ဆင်ရေးသည် ကချင်ပြည်နယ်ထဲတွင် နှစ်ပေါင်း ၅၀ နှင့် ၃၀ ကြာ အခိုင်အမာ တပ်ချနေရာယူထားသည့် စစ်ကောင်စီတပ်စခန်းများကို အမြစ်ဖြတ်ချေမှုန်းနိုင်သည့် တိုက်ပွဲဖော်ဆောင် အောင်နိုင်ခြင်းလည်း ဖြစ်သည်။

KIA ၏ စစ်ရေးအောင်မြင်မှုနှင့်အတူ လက်ရှိ ဒီဇင်ဘာလနောက်ဆုံးပတ်အထိလည်း ဗန်းမော်မြို့နှင့် မံစီမြို့နယ် တို့တွင် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ လက်ရှိ၌ တိုက်ပွဲဖြစ်ပွားနေသည့် ဗန်းမော်မြို့နှင့် မံစီမြို့နယ်တို့ကို ထပ်မံသိမ်းပိုက်လိုက်နိုင်ပါက ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်နယ်မြေ ဖြစ်သွားမည်ဟု ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတချို့က သုံးသပ် ပြောဆိုသည်။

ယခုလိုအောင်မြင်မှုသည် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ၏ တော်လှန်ရေးကာလ နှစ်ပေါင်း ၆၀ ကျော် အကြာ တခါမှမရရှိဖူးသေးသည့် ပထမဆုံး စစ်ရေးအောင်မြင်မှုကြီး တစ်ခုဟုလည်း ဆိုနိုင်သည်။

ထိုအခြေအနေများကြောင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်၏ စစ်ရေးအခြေအနေက ဘယ်လို ပြောင်းလဲမှုများ ရှိလာနိုင်ပါလဲ။ ၂၀၂၅ ခုနှစ်အတွင်း ကချင်ပြည်နယ်၏ စစ်ရေးအလားအလာများနှင့် ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မင်္ဂလာပါ ဗိုလ်မှူးကြီး။ ၂၀၂၄ တစ်နှစ်တာလုံး KIA ရဲ့ စစ်ရေးဖော်ဆောင်ခဲ့တဲ့ အခြေအနေအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ၂၀၂၄ ခုနှစ်မှာတော့ KIA ရဲ့ စစ်ဆင်ရေးက အောင်မြင်တဲ့နှစ် ဖြစ်တယ်လို့ မြင်ပါတယ်။ အဓိကတော့ တောတောင်ဒေသတကြောမှာ နှစ်ပေါင်းကြာရှည်စွာ စစ်ကြောင်းထိုးရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ရှင်းလင်း နိုင်ခဲ့တယ်။ တချို့နေရာတွေဆိုရင် ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာရှိတယ်။ သိမ်းပိုက်မှုထဲမှာက မြို့ကြီး ဒေသတွေက အဲလောက်ထိတော့ မပါဝင်သေးဘူး။

ဥပမာပြောရင် မြစ်ကြီးနား – ဗန်းမော် တကြောက ဘွမ့်ရေ၊ ခယာ၊ ဖွန်းပရန်ဘွမ့် စတဲ့ စစ်ကောင်စီတပ်စခန်း တွေကို သိမ်းပိုက်ထားနိုင်ခဲ့တယ်။ ဒါတင်မကဘူး အားလုံးသိကြ တဲ့ ကချင်အထူးဒေသ (၁) နယ်မြေတစ်ခုလုံး ကိုလည်း ရှင်းလင်းဆောင်ရွက်နိုင်ခဲ့တယ်။ ဒါဟာ စစ်ရေးအောင်မြင်တဲ့ ထူးခြားတဲ့နှစ် ဖြစ်ပါတယ်။

မေး။ ။ အခုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မြို့နေရာနဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ဘယ်လောက်ထိ အရေးပါတဲ့နေရာဒေသတွေ ဖြစ်ပါလဲ။

ဖြေ။ ။ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စစ်တပ်စခန်းတွေကတော့ တပ်ရင်းဌာနချုပ်နေရာတွေ၊ ဗျူဟာမှူး အထိုင်ချထား တဲ့ တပ်ရင်းတွေ၊ လက်နက်ကြီး အထိုင်ချထားတဲ့ တပ်ရင်းတွေ ပါတယ်။ ဒီတပ်စခန်းတွေ အားလုံးက စစ်ရေး အတွက် အရေးပါတဲ့ စစ်တပ်စခန်းတွေ ဖြစ်ပါတယ်။ ဆွမ်ပရာဘွမ့်မြို့ဆိုရင်လည်း တပ်ရင်းတစ်ခုပဲရှိတာ သိမ်းလိုက်တာဖြစ်တယ်။

နောက်ပြီး သိမ်းပိုက်ထားတဲ့ နေရာတွေကလည်း KIO/KIA က ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေ ဖြစ်သွားပြီ။ နောက် အင်ဂျန်းယန်မြို့ အရင်က ဘယ်လောက်ပဲတိုက်ခိုက်ခဲ့ပေမယ့် မသိမ်းနိုင်ခဲ့ဘူး။ ပြီးရင် လိုင်ဇာ – မိုင်ဂျာယန် တကြောကို ခြိမ်းခြောက်နေတဲ့ ဗျူဟာတပ်ရင်းအကြီးတွေ သိမ်းပိုက်နိုင်တာက လုံခြုံရေးယူထားတဲ့ နေရာတွေကို သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။

မေး။ ။ အချိန်တိုအတွင်းမှာ အခုလို စစ်ရေးအောင်မြင်မှုရရှိတာဟာ ဘာကြောင့်လို့ထင်ပါလဲ။

ဖြေ။ ။ စစ်ပွဲတစ်ခုဆင်နွှဲမယ်ဆိုရင် လက်နက်အင်အား၊ စိတ်ဓါတ်အင်အား၊ လူအင်အားတွေ စုပေါင်းနိုင်မှ အနိုင်ရမှာ ဖြစ်ပါတယ်။ တနည်းအရ ပြောရမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ အာဏာသိမ်းစစ်တပ်ကို ဘယ်သူမှ အလိုမရှိကြဘူး။ ဗမာလူမျိုးတွေကိုယ်တိုင်လည်း လက်နက်ကိုင်ပြီး တော်လှန်နေကြတယ်။ ပြီးရင် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုလည်းပါတယ်။

မေး။ ။ လာမယ့် ၂၀၂၅ မှာရော ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေဟာ ဘယ်လိုထပ်ကြုံရအုံးမှာပါလဲ။ ဘယ်လိုအပြောင်းအလဲတွေရော ဖြစ်လာနိုင်လဲ။ ပြည်သူလူထုတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်ပါလဲ။

ဖြေ။ ။ KIO/KIA ရဲ့ စစ်ဆင်ရေးပန်းတိုင်က တော်လှန်ရေးအောင်မြင်ဖို့ ဖြစ်တယ်။ စစ်ရေးအောင်မြင်မှုပန်းတိုင်က မရောက်ရှိသေးဘူး။ ဒါကြောင့် တိုက်ပွဲက ငြိမ်သက်သွားမယ်လို့တော့ ကြိုတင်တွေးဆထားလို့တော့မရဘူး။ ဆက်လက်ပြီးတော့ ဖြစ်လာမယ့်တိုက်ပွဲတွေမှာကတော့ ပါဝင်ဆင်နွှဲရအုံးမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတွေ အနေနဲ့လည်း ဒီအပေါ်မှာ ပြင်ဆင်ထားမှုတွေ လိုအပ်ပါတယ်။ ပြောရရင် တိုက်ပွဲတွေက ဆက်ရှိအုံးမှာဖြစ်တယ်။ အခုချိန်မှာတော့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ရမယ့်ကာလလည်း ဖြစ်တယ်။ ရှေ့ကိုဆက်တွန်းဖို့ပဲ လိုအပ်ပါတယ်။

မေး။ ။ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့နေရာတွေမှာ KIO/KIA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ဘယ်လောက်အထိ လည်ပတ်နေပြီလဲ။ ဒီနှစ်ဝက်လောက်က သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ့်၊ လွယ်ဂျယ်လို မြို့အခြေအနေနဲ့ နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်ထားတဲ့မြို့တွေမှာရော ဘယ်လိုအုပ်ချုပ်ရေးစနစ်တွေ ချမှတ်ထားပါပြီလဲ။

ဖြေ။ ။ အရင်သိမ်းပိုက်ထားပြီဖြစ်တဲ့ ဆွမ်ပရာဘွမ့်နဲ့ လွယ်ဂျယ်မြို့တွေမှာက အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန် အတိုင်း လည်ပတ်နေပြီ ဖြစ်တယ်။ အဲဒီထဲမှာ ပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေး အားလုံးကိုလည်း KIA ဘက်ကနေ တာဝန်ယူနိုင်တဲ့အထိ လုပ်ဆောင်ပေးနေပါတယ်။ အဲ့လိုပဲ နောက်ဆုံးသိမ်းထားတဲ့ ချီဖွေ၊ ပန်ဝါ၊ ဖီမော၊ ကမ်းဖန်စတဲ့ မြို့နေရာတွေမှာက အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေသေးတာ ဖြစ်ပါတယ်။ အဓိကတော့ ပြည်သူလူထုတွေရဲ့ လုံခြုံရေး ၊ ကောင်းမွန်စွာနေထိုင်ရေး၊ ကလေးတွေရဲ့ ပညာရေး၊ စီးပွားရေးတွေကို ဦးစားပေး လုပ်ဆောင်နေပါတယ်။ အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကော်မတီတွေဖွဲ့ပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး။ ။ အခုသိမ်းပိုက်ထားတဲ့နေရာတွေမှာ လူအင်အားလုံလောက်မှုရှိပါလား။ ဘယ်လိုဝိုင်းဝန်းကူညီမှုတွေ လိုအပ်နေပါလဲ။

ဖြေ။ ။ KIA အနေနဲ့တော့ သိမ်းပိုက်ထားနိုင်တဲ့နယ်မြေဒေသတွေ ကျယ်ပြန့်လာတယ်။ နယ်မြေဒေသ ကျယ်ပြန့် လာသလို အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ လူအင်အားလည်း အများအပြားလိုအပ်နေတာတော့ အမှန်ပါပဲ။ တာဝန်ယူလုပ်ဆောင်ရမယ့်အပိုင်းတော့ အများကြီးလိုအပ်တာပေါ့လေ။ လက်ရှိ KIO လက်အောက်မှာ အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့သူတွေအနေနဲ့ပဲ လက်လှမ်းမမီတဲ့အပိုင်းတွေလည်း အများကြီးရှိတယ်။ အဲဒါကြောင့် ခေတ်မှီပညာတတ်တဲ့လူငယ်တွေ လိုအပ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့အခါမှာက အားလုံးမှာလိုအပ်နေတယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိသိမ်းပိုက်ထားတဲ့နေရာတွေမှာရော KIO/KIA အနေနဲ့ အုပ်ချုပ်ရေးယန္တရား ချမှတ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါလဲ။

ဖြေ။ ။ ခုနကပြောသလို လူအင်အားမလုံလောက်တဲ့ အခက်အခဲကတော့ ပထမပေါ့လေ။ အခက်ခဲရှိတဲ့နေရာ တွေဆိုရင်တော့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ကမ်းဖန် အဲဒီနေရာတွေဘက်မှာက ဟိုအရင်ကတည်းကနေ အာဏာသိမ်းစစ်ကောင်စီတပ်က ကျနော်တို့လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲအောင် KIO/KIA ရဲ့ အကြောင်းကို မသိခိုင်းစေခဲ့ဘူး။ အမြင်မဖွင့်ခဲ့တဲ့ နေရာတွေ ဖြစ်တယ်။ နောက်တခုက ကချင်မျိုးနွယ်စုထဲက လော်ဝေါ်၊ လာချိတ် အများပိုင်းနေထိုင်ကြတဲ့ ဒေသတွေဖြစ်တဲ့အတွက် နည်းနည်းအခက်ခဲလေး ရှိတယ်။ ဒါကြောင့် ဒေသနဲ့ လိုက်ဖက်တဲ့ ဘာသာစကားကျွမ်းကျင်တဲ့သူတွေလည်း လိုအပ်နေတာပေါ့။

မေး။ ။ ဗိုလ်မှူးကြီးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ ဘာမှ ပြောစရာမရှိတော့ပါဘူး။

KNG ပေးပို့သည်။