“အထူးသဖြင့် တော်လှန်ရေးက မပြီးဆုံးသေးပေမယ့် တော်တော်လေး အလင်းရောင်သန်းလာတဲ့ အနေအထား တစ်ခုမှာ တွန်းလက်စနဲ့တွန်းကြပါ။ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်မြပြောခဲ့သလိုပဲ တော်လှန်ရေးက ပန်းတိုင် နီးလေလေ အခက်အခဲအကြမ်းတမ်းဆုံး နေရာများလေလေ။ ဒါပေမယ့် အဲ့ဒါဘယ်လိုမှ လက်လျော့လို့မရဘူး။” ပဒိုစောတောနီး/ KNU ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဌာနတာဝန်ခံ

0
157
ပုံစာ - KNU ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီး

ကရင်တော်လှန်ရေးခရီး၊ ရခိုင်တော်လှန်ရေးခရီး ဖြတ်သန်းမှုများနှင့်အတူ လက်ရှိကာလ တိုက်ပွဲဖော်ဆောင်ရာ၌ အောင်မြင်မှုများနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာ – ထိုင်းနယ်စပ်တွင် တည်ရှိသည့် သမိုင်းဝင် မာနယ်ပလောဒေသကို နှစ်ပေါင်း ၃၀ အကြာတွင် ကရင်အမျိုးသားတပ်မတော် (KNLA) က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်သည် ကရင်ပြည်နယ်အတွင်းက နေရာအတော်များများကို သိမ်းပိုက်ထားသည်။

အလားတူ ရခိုင်ပြည်တွင်လည်း အာရက္ခတပ်တော် (AA) သည် ခရိုင်မြို့ကြီး (၅) မြို့၊ မြို့နယ်အားဖြင့်ဆိုပါက ၁၃ မြို့နယ်အထိ တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့အပြင် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ရရှိထားသည့် သတင်းများအရ အမ်းမြို့ကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိသွားပြီဖြစ်သည်။

ယခုကဲ့သို့ KNU/KNLA နှင့် AA တို့ ကရင်တော်လှန်ရေးခရီး၊ ရခိုင်တော်လှန်ရေးခရီး ဖြတ်သန်းမှုများနှင့်အတူ လက်ရှိကာလ တိုက်ပွဲဖော်ဆောင်ရာ၌ အောင်မြင်မှုများရရှိနေမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိမှာ KNU က သမိုင်းဝင် မာနယ်ပလောဒေသကို နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည် သိမ်းပိုက်လိုက်နိုင်တာနဲ့ ပတ်သက်ပြီး ပဒိုရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့အထင်ကရ မာနယ်ပလောဌာနချုပ်ကြီးကတော့ ပြီးခဲ့တဲ့ ၁၉၉၄ ဒီဇင်ဘာကစပြီးတော့ ပြဿနာတက်ခဲ့ပြီး ၁၉၉၅ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကျဆုံးခဲ့တာလေ။ အဲ့ဒါ အခုဆိုရင်တော့ နှစ်သုံးဆယ်ပြည့်ခဲ့ပြီ ပေါ့နော်။ ဘာပဲပြောပြော ဒီဟာက ကျွန်တော်တို့ ခရစ်စမတ်လက်ဆောင်တစ်ခုအနေနဲ့ မှတ်ယူရတော့မယ် ဖြစ်နေတယ်။ ဘာဖြစ်လို့လည်းဆို ဒီလဒီရာသီနဲ့ တိုက်ဆိုင်နေတာကိုး။ အထူးသဖြင့် တပ်မဟာ (၇) နယ်မြေထဲမှာဆိုတော့ သူတို့အဓိကကျပါတယ်။

သူတို့အသံလုံလုံနဲ့ပဲ စလုပ်ခဲ့တာ လအနည်းငယ်လောက်ရှိပြီ။ တဖြည်းဖြည်း ကျွန်တော်တို့ ချွေစစ်ပုံစံနဲ့ လုပ်လာတာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ နောက်ဆုံးစခန်းဖြစ်တဲ့ ၉၁၃ စခန်းကို သိမ်းပိုက်နိုင်ပြီဆိုတာ အတည်ပြုလို့ ရတယ်။ ရှင်းရှင်းပြောရရင်တော့ မာနယ်ပလောဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင် လွတ်မြောက်သွားပြီ ဆိုတာတော့ ပြောလို့ရတယ်ပေါ့နော်။ ဒါ ပထမဦးဆုံးပြောရမယ့် ဝမ်းသာစရာ သတင်းစကားပါ။ အဲ့ဒါကို ပြောခြင်း အားဖြင့် ဟိုးတချိန်က လက်တွဲခဲ့တဲ့ မဟာမိတ်တွေကိုလည်း ပြန်ပြီးသတိရစေခဲ့တယ်။

မေး။ ။ ကရင်ပြည်နယ်မှာ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA) ရဲ့ဒေသထဲ နယ်မြေစိုးမိုးမှု အနေအထားကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ တပ်မဟာတွေကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူတဲ့အခါကြတော့ ပုံစံတစ်ခုနဲ့ လုပ်နေရတာ ရှိတယ်။ သို့သော် ကျွန်တော်တို့မှာ ထူးထူးခြားခြားရှိတာက စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နယ်မြေတွေ တခွင်တပြင်ကြီး ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ အဓိကအားဖြင့် ဒေသကြီး ၄ ခုမှာ ဖြန့်ကျက်ထားတာ ပဲခူးတိုင်းအရှေ့ခြမ်းရယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းရယ်။

အဲဒီအထဲမှာဆို အထူးသဖြင့် စစ်တောင်မြစ်ဝှမ်းလွင်ပြင်တခုက ကျွန်တော်တို့ ၂၀၁၁ မတိုင်ခင်ကဆို စစ်တောင်း အရှေ့ဘက်ခြမ်းမှာပဲ လွမ်းမိုးချုပ်ကိုင်ထားတာ အခုက စစ်တောင်မြစ်ဝှမ်းရဲ့ အနောက်ဘက်ခြမ်းပေါ့နော်။ ညောင်လေးပင်၊ မဒေါက် တကြောလုံးက ရန်ကုန် – မန္တလေး ကားလမ်းအထိ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ အကုန်လုံး တပ်ချထားလို့ရပြီလေ။ အဲ့ဒီတခွင်တပြင်လုံးဟာလည်း စစ်ကောင်စီရဲ့အုပ်ချုပ်ရေးတွေ ပျက်ပြား သွားပြီး ကျွန်တော်တို့ လွမ်းမိုးချုပ်ကိုင်နိုင်တဲ့ အနေအထားတစ်ခုရောက်လာတယ်။ အဲ့တော့ သူတို့ဘာမှ မတတ်နိုင်တော့ နောက်ဆုံးကြတော့ ကျေးရွာတွေကို နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ထုနေတော့တာပဲ။

မေး။ ။ လက်ရှိမှာ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်၊ မာနယ်ပလောကိုလည်း သိမ်းပိုက်ထားပြီဆိုတော့ ထိုင်းနယ်စပ်ဒေသအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ နယ်စပ်ကတော့ အထူးသဖြင့် သံလွင်မြစ်ကြောင်း ပထမဆုံး ကရင်နီနဲ့နယ်စပ်ကနေ ဟိုးဖြတ်ချလာ ပြီးတော့ ၂၀၂၂ ပြီးတာနဲ့ စခန်းတစ်ခုပြီးတစ်ခုသိမ်းလာတာ သောင်းရင်းမြစ်အဆုံး ထိုင်းနဲ့ထိစပ်တဲ့နယ်စပ်၊ ပြီးရင် ကော့သောင်းအထိ ဆိုရင်တော့ စစ်ကောင်စီစခန်း နည်းနည်းပါးပါးပဲ ကျန်တော့တယ်။ တပ်မဟာ (၆) ထဲမှာဆို ဗျူဟာတစ်ခုနှစ်ခု ဝေါလေတို့လောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ဟာ ကျွန်တော်တို့လက်ထဲ အကုန်ရောက်ကုန်ပါပြီလို့ ပြောလို့ရတယ်။

နောက်ဆုံးပြောရမယ်ဆိုရင် တနင်္သာရီတိုင်းမှာ ရေး – ထားဝယ် ကားလမ်းမကြီးကို ထိန်းချုပ်လာတာ အထူးသဖြင့် ၂၀၂၃ ဇွန်လကစပြီးတော့ ကျွန်တော်တို့ ၈၀ ရာခိုင်နှုန်းကျော်ကျော်ကို ထိန်းချုပ်ပြီးတော့ လုပ်လာတာ အခု တစ်နှစ်ကြာ ဖြစ်လာတဲ့အခါမှာ အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်ကလည်း ကျားကုတ်ကျားခဲ ပြန်လည်ကြိုးစားနေတယ်။ အခုကလည်း တိုက်ပွဲတွေ အများကြီး ဖြစ်နေတယ်။ အဲ့ဒီဒေသမှာ ပုံမှန်အားဖြင့်ကတော့ ပြောက်ကျားတိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။

မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေ တော်လှန်ရေးမှာ တိုက်အားအားကောင်းနေတဲ့အချိန်၊ စစ်ကောင်စီ လည်း နိုင်ငံရေးအရ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့အချိန်၊ ဒီအချိန်မှာ တရုတ်ရဲ့ကြားဝင်မှုနဲ့အတူ ဖိအားတွေ များလာတဲ့အပေါ်ရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အဲ့ဒါကတော့ ရိုးရိုးလေးပါ။ ကျွန်တော်တို့က တော်လှန်ရေးလုပ်တယ်ဆိုကတည်းက အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုများတဲ့အလုပ်ကို လုပ်ရတာပါ။ တော်လှန်ရေးမလုပ်ဘူးတဲ့သူတွေကြတော့ မနက်ဖန်၊ သဘက်ခါ ပြီးတော့မလားဆိုတဲ့ ပြောဆိုဝေဖန်သူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖြတ်သန်းလာမှုအရကတော့ ဖိအားတွေက ကိုယ့်အတွင်းထဲမှာရှိသလို အပြင်မှာလည်းရှိတယ်။ မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ညီအစ်ကိုတွေ ရင်ဆိုင်နေရတာကတော့ အိမ်နီးချင်းနိုင်ငံနဲ့ သွားဆက်နွယ်တဲ့ဟာဖြစ်တယ်။ နောက်ပြီးတော့ ပထဝီနိုင်ငံရေးနဲ့ပါ ဆက်စပ်နေတဲ့အခါကြတော့ အချိန်ကာလတခုတော့ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်ချက်ကိုတော့ မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။ ဒါပေမယ့်တော်လှန်ရေးဆိုတာ ဘယ်အချိန်မှာ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ကောင်းကောင်းသိတယ်။ ဘယ်အချိန်မှာ အဟုန်ပြင်းပြင်းနဲ့ ပြန်ပြီးတော့ ထိုးနှက်ရမလဲ ဆိုတာ သိတဲ့အပေါ်မှာ ဘယ်အနားမှာ ယိုကွက်ရှိတယ်ဆိုတာ ကျွန်တော်တို့အသိဆုံးပါ။

အဲ့ဒါကြောင့် ကျွန်တော်တို့ကတော့ ဘယ်လိုပြင်ပဖိအားတွေလာပါစေ အသေအချာယုံကြည်တယ်။ ဘယ်လို ကျော်လွားပြီး အသက်ရှင်ရပ်တည်မလဲ။ ကောင်းကောင်း သိတယ်။ အချိန်တခုရောက်လာရင် ဒီလို အနှောင့်အယှက် အတားအဆီးတွေကို ကျော်ဖြတ်ဖောက်ထွက်မယ်ဆိုတာ သေချာပါတယ်။ စစ်ကောင်စီက ဘာပဲလုပ်လုပ် ဟိုဘက်ကပ်လိုက်၊ ဒီဘက်ကပ်လိုက်၊ ဒါလည်း ကျွန်တော်တို့ အများကြီးတွေ့ကြုံခဲ့ရဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးလေးငါးဆယ်အတွင်းမှာ စစ်ခေါင်းဆောင်တွေ ဘာပဲလုပ်နိုင်သလဲဆိုတော့ ဒီနိုင်ငံမှာ ကွန်မြူနစ်သူပုန်တွေ ရှိတယ်ဆိုရင် အဲ့ဒီနိုင်ငံကို သွားရောက်ခယဝပ်တွားပြီးတော့ မျက်နှာငယ်လေးနဲ့ သွားအသနားခံတာတွေ လုပ်တာ။ ဒါတွေက ကျွန်တော်တို့ တောက်လျှောက်ခံလာခဲ့ရတော့ ကျွန်တော်တို့က သိတယ်။ အတွင်းဖိအား၊ အပြင်ဖိအားဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ ဘာမှစိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့ အသေအချာယုံကြည်တယ်။ ဒီဖိအားတွေကို ကျွန်တော်တို့ညီအစ်ကိုတွေ ကောင်းကောင်းကျော်လွှားနိုင်မယ်။ လက်ချင်းချိတ်နိုင်တဲ့ အနေအထားကိုတော့ ရောက်ကိုရောက်လာမယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုရခိုင်မှာ အာရက္ခတပ်တော် (AA) က စစ်ကောင်စီရဲ့စခန်းအများအပြားကို သိမ်းပိုက်ပြီး နယ်မြေ ၉၀ ရာနှုန်းလောက်ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေကို ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။ ။ အဲ့ဒါကတော့ ကျွန်တော်တို့လုံးဝသံသယမရှိပါဘူး။ ဖိအားတွေအတွင်းကပဲလာလာ အပြင်ကပဲလာလာ ကျော်လွားနိုင်ပြီးတော့ ပန်းတိုင်ကိုရောက်မှာပါ၊ သေချာတယ်။ အဲ့ဒီလို ဘာဖြစ်လို့ပြောရသလဲဆိုတော့ ရခိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့ ကရင်တော်လှန်ရေးအဖွဲ့တွေက ဝေးဝေးလံလံရှိနေတဲ့သူတွေမဟုတ်ဘူး။ နီးနီးကပ်ကပ်ရှိတဲ့သူတွေပဲ ဖြစ်တယ်။ သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် မင်းနေပြည်တော် စပြိုကွဲ ကတည်းက ရခိုင်တော်လှန်ရေးကရှိခဲ့တာပဲ။ ဒါပေမယ့်တော်လှန်ရေးက ပေါ်လိုက်ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက် ဖြစ်သွားတာ။ ကျွန်တော်တို့လက်ထက်မှာ ရှိလာတဲ့အခါ အထူးသဖြင့် ဗိုလ်မှူးခိုင်မိုးလင်းတို့ ခရီးရှည်ရှည်တိုက်ပွဲဆိုတာ ကောင်းကောင်းသိခဲ့တယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက အရမ်းလေးစားပြီးတော့ လေ့လာခဲ့တဲ့အရာတွေ ဖြစ်တယ်။

ကျွန်တော်တို့ ကျောင်းသားဘဝ ဗိုလ်မှူးခိုင်မိုးလင်း ဘယ်လိုပြန်ပြီးတော့ ဆင်းသွားတယ်။ ဘယ်လိုဖြတ်ကျော် ပြီးတော့ ရခိုင်ကိုထိုးဖောက်သွားတယ်ဆိုတာ ကောင်းကောင်းသိတယ်။ အဲ့ဒါအပြင် ကျွန်တော်တို့လက်ထက် ရောက်လာတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ခိုင်ရာဇာတို့ ပင်လယ်ပြင်ကို ဖြတ်ပြီးတော့ ဖဒိုမူးလွယ်တို့ လက်တွဲပြီးတော့ ပင်လယ်ကိုဖြတ်ပြီးတော့ အာဇာနည်ပီပီ အသက်ဆုံးရှုံးသွားခဲ့ကြရတယ်။ တချို့တွေဆို ဆယ်စုနှစ်ထိ အန္ဒိယထောင်ထဲမှာ ကျသွားတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိနေတဲ့အပေါ်မှာ ဒီတော်လှန်ရေးက ဘယ်လိုမှ မကျဆုံးနိုင်ဘူး။ တနေ့သောအခါမှာ ပြန်ပြီးတော့ ဦးမော့လာပြီးတော့ အရာရာကို ချေမှုန်းနိုင်မယ်ဆိုတာ ကျွန်တော်တို့သိနေတယ်။ ကျွန်တော်တို့ကိုဘယ်လောက်ပဲ ဖိဖိ၊ ဖိလေကြွလေပဲဆိုတာ အချိန်တန်တဲ့တနေ့မှာ ဒါကိုကျော်ဖြတ်နိုင်မယ်ဆိုတာ လေးလေးနက်နက် ယုံကြည်တယ်။

ကရင်တော်လှန်ရေးနဲ့ ရခိုင်တော်လှန်ရေးဆိုတာ တကယ့်ညီအစ်ကိုတွေ လက်တွဲလာတာလည်း နှစ်ပေါင်းက အများဆုံး ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလို့ရတယ်။ အခုက ရခိုင်မှာ AA က အဓိကအရေးကြီးတဲ့ နေရာကို ရောက်လာပြီနော်။ ဥပမာတစ်ခုပဲ ပြမယ်။ ဗြိတိသျှတွေက မြန်မာပြည်ကိုသိမ်းတဲ့အခါ သူတို့ဘယ်နေရာကို သိမ်းလဲဆိုတာ ရခိုင်နဲ့တနင်္သာရီကမ်းရိုးတန်းကို သိမ်းပါတယ်။ ဒါကတကယ့် မဟာဗျူဟာကျတဲ့နေရာ ဖြစ်တယ်။ ဒီဒေသမှာ ဘယ်သူတွေရှိလဲ၊ ကျွန်တော်တို့ပဲ ရှိတယ်။ ကရင်နဲ့ ရခိုင်ပဲ ရှိပါတယ်။ မုတ္တမကွေ့အထိ ကော့သောင်း အထိ ကျွန်တော်တို့ရှိတဲ့နေရာတွေ။ အဲဒါကြောင့် မဟာဗျူဟာအရမ်းကျတဲ့ဒေသကို စိုးပိုင်နိုင်ပြီဆိုတော့ ကျွန်တော်တို့ သွားရမယ့်လမ်းကတော့ ဖြူးဖြူးလေးပဲ။ မရောက်ခင်လေးတော့ ကျွန်တော်တို့ ကုန်းရုန်းပြီးတော့ လုပ်ရမယ်။ ကျွန်တော်တို့ အားပေးတယ်။ ရခိုင်မှာကျန်တဲ့ သုံးလေးမြို့ဆိုတာ ဘာမှမဟုတ်တော့ဘူး။ အင်မတန်ခက်ခဲတဲ့ဟာတွေကို ကျော်လွှားပြီးတဲ့နောက်မှာ ကျွန်တော်တို့ ယုံကြည်တယ်၊ လက်တွဲသွားမယ်။ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ဆိုတာ အနီးဆုံးဒေသတွေ အောင်ပွဲဟာ လက်ထဲမှာပဲရှိတယ်လို့ ပြောပါရစေ။

မေး။ ။ AA ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စစ်ရေးဗျူဟာအပေါ်ကိုရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ဘက်မှာကြတော့ ကိုယ့်နေရာနဲ့ကိုက်ညီတဲ့ ချွေစစ်ကိုသွားနေတဲ့အခါကြတော့ တဆင့်ချင်း ဖြည်းဖြည်းမှန်မှန် သွားနိုင်တယ်။ ဒါပေမယ့် AA ရဲ့အနေအထားကတော့ တခါတည်းကို ပုံအောနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ပုံအောနိုင်တယ် အနေအထားဆိုတာကလည်း ချက်ချင်းလက်ငင်း ဘယ်လိုမှ မအောနိုင်ဘူး။ ဒါပေမယ့် အချိန်ကာလများစွာယူပြီးတော့ အသံတိတ်တိတ်၊ ခြေသံလုံလုံနဲ့ လုပ်နိုင်တဲ့အခါ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။ အဲ့ဒီအခွင့်အလမ်း ကျွန်တော်ပြောခဲ့တဲ့ အရှိန်နဲ့အဟုန်နဲ့ပေါ့နော်။ အချိန်ကာလကို ရောက်လာပြီ။

အခုက စစ်ကောင်စီကခွေးရူးတွေ ဖြစ်ပြီးတော့ ပတ်ရှာရမ်းပြီးတော့ အရင်က တော်လှန်ရေးက ကျွန်တော်တို့ ကရင်တစ်ခုထဲကစတဲ့ အနေအထားကနေ တပြည်လုံးကို ဖြန့်ချလာတဲ့အခါမှာ သူက ခွေးရူးလိုဖြစ်ပြီးတော့ ဟိုကိုက်ရဒီကိုက်ရ ပတ်ချာလည်ပြီးတော့ ဘယ်လိုမှလှုပ်လို့မရတဲ့ အနေအထားတစ်ခု ရောက်သွားပြီ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဆက်တွန်းဖို့ပဲ လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် မြင်တာကတော့ AA ရဲ့ စစ်ရေအနေအထားကကို နိုင်တဲ့အနေအထားကနေ ဆက်လုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့နဲ့ ခပ်မြန်မြန်လေး လက်တွဲနိုင်မယ်။ ကျွန်တော်တို့ ယုံကြည်ပါတယ်။

မေး။ ။ ရခိုင်တော်လှန်ရေးနဲ့ ဒီတော်လှန်ရေးကိုဝန်းရံနေ့တဲ့ ရခိုင်ပြည်သူတွေကို အမှတ်တရစကား ပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ ရခိုင်ကို တကယ်အားရတဲ့အနေအထားမှာ ရှိပါတယ်။ တချိန်တုန်းကလည်း အချိန်တစ်ခု မရောက်လာသေးတဲ့အခါမှာ အမျိုးမျိုးအပြောအဆိုခံရတာတွေ အများကြီးရှိပါတယ်။ တက်တက်ကြွကြွ မရှိတာတွေ၊ ဖြတ်ဖြတ်လတ်လတ် မရှိတာတွေ၊ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးကို အုံလိုက်ကျင်းလိုက် မလုပ်နိုင်တဲ့ ဟာတွေကတော့ အားမရတာတွေက ရှိခဲ့ဖူးတယ်။

ဒါပေမယ့် ဒီနေ့အချိန်ကာလမှာ တကယ်အားရတဲ့အနေအထား တစ်ခုကိုရောက်သွားပြီ။ လမ်းဆုံးကို မရောက်သေးပေမယ့် အထူးသဖြင့် တော်လှန်ရေးက မပြီးဆုံးသေးပေမယ့် တော်တော်လေး အလင်းရောင်သန်း လာတဲ့ အနေအထားတစ်ခုမှာ တွန်းလက်စနဲ့တွန်းကြပါ။ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်မြပြောခဲ့သလိုပဲ တော်လှန်ရေး က ပန်းတိုင်နီးလေလေ အခက်အခဲအကြမ်းတမ်းဆုံး နေရာများလေလေ။ ဒါပေမယ့် အဲ့ဒါဘယ်လိုမှ လက်လျော့လို့ မရဘူး။ ကျော်ဖြတ်ပြီး ပန်းတိုင်ကိုယူကြပါစို့လို့ပဲ ရခိုင်ပြည်သူတွေကို အားပေးချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here