“၁၃ နှစ်ကနေ ၅၀ ဝန်းကျင်အထိ အမျိုးသမီးတွေပါတာ တွေ့ရတယ်။ နှစ်ခါသုံးခါဆက်ပြီး ရောင်းစားခံရတဲ့ အမျိုးသမီးတွေကတော့ များသောအားဖြင့် ၁၈ နဲ့ ၂၅နှစ် ကြားထဲမှာများတယ်။ သူတို့က တစ်အိမ်မှာလိုအပ်တဲ့ သားမယားလုပ်ပြီးပြီဆိုရင် ကလေးမွေးပြီးပြီဆိုရင် သူတို့က တခြားကိုပြန်ရောင်းစားတယ်။” ဆန်ထွယ်/ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)

0
198
Photo – KWAT

KWAT အစီရင်ခံစာအရ ရန်ကုန်အပါအဝင် မြန်မာတဝှမ်းလူကုန်ကူးခံနေရသည့် အမျိုးသမီးများအကြောင်း၊ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရမှု အခြေအနေနှင့် အစီရင်ခံစာပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်နှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) က “မြန်မာနိုင်ငံတဝှမ်းပျံ့နှံ့လာသည့် တရုတ်ဇနီးမယား အဖြစ် အတင်းအဓမ္မရောင်းစားခံရခြင်း” အစီရင်ခံစာကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။

ထိုအစီရင်ခံစာအတွင်း ယခင်နှစ်များက လူကုန်ကူးခံရသည့်အမျိုးသမီးများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့မှ ဖြစ်သော်လည်း ယခုနှစ်ကာလများအတွင်း အမျိုးသမီးများကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံသို့ အတင်းအဓမ္မ ရောင်းစားနေမှုသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေကြောင်းကို လူကုန်ကူးခံရပြီး ရှင်သန်လွတ်မြောက်လာသူ ကာယကံရှင်အမျိုးသမီး (၁၈၇) ယောက်ကို ဆက်သွယ်မေးမြန်းပြီး ဖော်ထုတ်ထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်မှု မရှိသည့် ရန်ကုန်အပါအဝင် မြန်မာတဝှမ်းလူကုန်ကူးခံရတဲ့ အမျိုးသမီးများ အကြောင်း၊ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသည့်အခြေအနေများ၊ အစီရင်ခံစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး KWATအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်ကို မေးမြန်းထားပါသည်။

မေး။ ။ KWATကထုတ်တဲ့ “မြန်မာနိုင်ငံတဝှမ်း ပျံ့နှံ့လာသည့် တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာမှာ ဘယ်လိုအချက်အလက်တွေ အဓိကပါဝင်လဲဆိုတာ အရင်ပြောပေးပါဦး။

ဖြေ။ ။ အဓိက ကျမတို့ report ကတော့ အမျိုးသမီးတွေကို အသက်အရွယ်အပိုင်းအခြားရော ကိုဗစ်မတိုင်ခင် ကိုဗစ် ကြားထဲမှာရော နောက်တခုက အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့အဖြစ်အပျက်တွေကို ကျမတို့အဓိက သုံးသပ်တယ်ပေါ့နော်။ ဆိုတော့ ကျမတို့အဓိက analysis လုပ်ထားတာကတော့ အမျိုးသမီးတွေ တရုတ်နယ်စပ် ဘက်ရော ပြီးလို့ရှိရင် ပြည်တွင်းမှာရော အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတဲ့ အဖြစ်အပျက်တွေများလာတာကို ကျမတို့တွေ့ရှိတဲ့အပေါ်အခြေခံပြီး အသက်အရွယ်အပိုင်းအခြား နေရာဒေသတွေကို ပြန်ပြီး analysis လုပ်ထားတဲ့ report ဖြစ်ပါတယ်ပေါ့။

အမျိုးသမီး ၁၈၇ ဦးကို analysis လုပ်ထားတာ ဖြစ်တယ်။ သူတို့ရောင်းစားခံရတဲ့ အမှုတွေကို analysis လုပ်ထားတယ်ဆိုတော့ ဘယ်လိုရောင်းစားခံရတယ်၊ ဘယ်အချက်တွေကြောင့် ဖြစ်တယ်ဆိုတာကို အဓိက highlight လုပ်ထားတယ်။ push factorနဲ့ pull factor နဲ့ ဖြစ်တယ်ပေါ့နော်။ ကျမတို့မြန်မာနိုင်ငံရဲ့ push factors ကတော့ နိုင်ငံရေးပဋိပက္ခတွေ စစ်ရေးပဋိပက္ခတွေပြီးရင် စီးပွားရေးချွတ်ခြုံကျမှုတွေကြောင့် အများကြီးကြောင့် ပေါ့နော်။ ဒီပြဿနာတွေကြောင့်မို့ပဲ မြန်မာနိုင်ငံက အမျိုးသီးတွေက ဒီနီးစပ်ရာကို အလုပ်ရှာဖို့အတွက် စိုင်းပြင်းနေတဲ့ကြားထဲကကိုမှ နောက်ဆုံးတော့ ရောင်းစားခံလိုက်ရတဲ့ဟာမျိုးတွေကို အဓိက highlight လုပ်ထားတဲ့မှတ်တမ်း ဖြစ်တယ်ပေါ့။

မေး။ ။ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝှမ်း လူကုန်ကူးမှုများလာတယ်လို့ ပြောထားတော့ ဘယ်တိုင်းနဲ့ ပြည်နယ်တွေမှာ အများဆုံးဖြစ်တာ တွေ့ရပါလဲ။ လူကုန်ကူးခံရတဲ့သူတွေကရော ဘယ်လိုပုံစံမျိုးနဲ့ အများဆုံး ဆွဲဆောင်ခံရလေ့ရှိပါလဲ။

ဖြေ။ ။ ဒီ reportမှာ တော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ကတော့ အများဆုံး ဖြစ်တယ်။ ဒါပေမဲ့ ဒီ ၁၈၇ ဦးကို ကြည့်လိုက်တဲ့ အချိန်မှာ မြန်မာနိုင်ငံတဝှမ်းလို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ဘက်ကလည်း ပါတယ်။ မကွေးဘက်ကလည်း ပါတယ်။ မော်လမြိုင်ဘက်ကရော အဲ့ဒီလိုမျိုးတွေပါတဲ့ဟာကို ကျမတို့တွေ့ရတယ်ပေါ့နော်။ ကျမတို့ KWAT အနေနဲ့ ခါတိုင်း trafficking report တွေ analysis လုပ်ပြီးမှ တင်ပြဖူးတဲ့ဟာတွေ သုံးခုလောက်ရှိခဲ့တယ်။

အဲ့ဒီဟာနဲ့ပြန်ပြီး အခုပြန်ကြည့်မယ်ဆိုရင် ဒီ ၅ နှစ်တာ အတောအတွင်းမှာတော့ ကချင်နဲ့ ရှမ်းမြောက်ပဲ မဟုတ်တော့ဘူး။ နယ်စပ်ထိစပ်တဲ့ဟာပဲ မဟုတ်တော့ဘဲ ဟိုးမြန်မာနိုင်ငံရဲ့ အောက်ပိုင်းဘက်ကလည်း ပါလာတယ်။ ဧရာဝတီဘက်ကလည်း ပါလာတယ်။ ဆိုတော့ မြန်မာနိုင်ငံအတွက် ဘယ်ဒေသပိုများလဲဆိုရင်တော့ ကျမတို့ report အရဆိုရင်တော့ ကချင်နဲ့ ရှမ်းမြောက်ပိုများပေမယ့် ရန်ကုန်၊ မကွေးတို့ အဲ့ဘက်ကလည်းပါတာကို အများကြီး တွေ့ရပါတယ်။

Photo – KWAT

မေး။ ။ အစီရင်ခံစာထဲမှာ လူကုန်ကူးမှုကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ တရုတ်အစိုးရကိုတောင်းဆို ထားတာလည်း တွေ့ရပါတယ်။ တရုတ်အစိုးရဘက်က ဘာတွေများဆောင်ရွက်နိုင်ရင် ဒီလူကုန်ကူးမှုကို ထိရောက်စွာ တားမြစ်နိုင်မယ်လို့ ထင်မြင်သုံးသပ်ပါလဲ။

ဖြေ။ ။ ကျမတို့ report တွေ့ရှိချက်တွေကို အခြေခံပြီး တရုတ်အစိုးရကို တောင်းဆိုတဲ့ဟာကတော့ နယ်စပ်လုံခြုံရေးကို သူတို့က အဓိကထားပြီး လုပ်တယ်လို့တော့ ပြောတယ်ပေါ့နော်။ ဒါပေမယ့် ဒီလူကုန်ကူးမှု တိုက်ဖျက်မှုကတော့ တကယ်ပဲထိထိရောက်ရောက် မလုပ်နိုင်တာကိုတွေ့တယ်။ အဓိက မြန်မာနိုင်ငံပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံပဲဖြစ်ဖြစ် အလုပ်လာကြတဲ့သူတွေ ပိုများတယ်။ အလုပ်လည်း လက်ခံပေးကြတယ်။ ဒါပေမယ့် တရားဝင် အလုပ်လုပ်တဲ့စနစ် မရှိတဲ့အတွက်ကြောင့်မို့လို့ အလုပ်ခေါ်လုပ်တာတော့ ရှိပေမယ့် စနစ်တကျနဲ့ လက်မှတ်အပြည့်အစုံနဲ့ အလုပ်ခေါ်လုပ်တဲ့ဟာမျိုး မလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ ဒီလူကုန်ကူးမှုလုပ်ဖို့က အမျိုးသမီးတွေမှာ ပိုပြီးမှ ဖြစ်လာတာကို တွေ့ရတယ်။

ဒါကြောင့်မို့ ကျမတို့က တရုတ်အစိုးရကို ဒီ report မှာ တောင်းဆိုထားတာကတော့ မြန်မာနိုင်ငံကပဲ ဖြစ်ဖြစ်ပေါ့နော် နယ်စပ်အလုပ် လုပ်ခွင့်ရှိတဲ့စနစ်ကို ဖန်တီးဖို့ အတွက် တရားဝင်လမ်းကြောင်းတွေကို ဖန်တီးဖို့ အတွက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။ migration အနေနဲ့ အလုပ်လုပ်ဖို့သွားနေတဲ့ လောကကြီးက ရှိနေပြီးသား။ ဒါတွေကို ရောင်းစားခံရမှု မဖြစ်ဖို့ဆိုရင် ကျမတို့အနေနဲ့ သုံးသပ်ထားတဲ့ဟာ တောင်းဆိုထားတဲ့ ဟာက တရားဝင်အလုပ်လုပ်ခွင့် ရှိတယ်လမ်းကြောင်းတွေရှိတယ် ဆိုရင်တော့ ရောင်းစားခံရတဲ့ အမျိုးသမီး အရေအတွက် လျော့ချခံရလိမ့်မယ်ဆိုတဲ့ဟာကို အဓိက တောင်းဆိုထားတာ ဖြစ်ပါတယ်။

မေး။ ။ လူကုန်ကူးခံရသူတွေကို တရုတ်ရဲတပ်ဖွဲ့က ပြန်လည်ပို့ဆောင်တဲ့အခါ သက်ဆိုင်ရာတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ဖို့ တိုက်တွန်းထားတာလည်း တွေ့ရတော့ ဒီတိုက်တွန်းချက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေများ ရှိလာနိုင်ပါလဲ။

ဖြေ။ ။ ရောင်းစားခံရတဲ့အမျိုးသမီးတွေကို တရုတ်အစိုးရကနေ မြန်မာနိုင်ငံကို ပြန်ပို့တဲ့အချိန်မှာ များသော အားဖြင့် နယ်စပ်ဂိတ်ကနေပြီးတော့မှပဲ ဖြတ်ကျော်တဲ့အတွက်ကြောင့်မို့လို့ အခုက စစ်ရေးပဋိပက္ခကြားထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နယ်စပ်ဒေသတွေကိုထိန်းချုပ်လာတဲ့ နေရာဒေသက ပိုကျယ်ပြန့် လာတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်လွှမ်းမိုးမှုက ပိုကြီးလာတာကို ကျမတို့တွေ့ ရတယ်ဆိုတော့ အဲ့ဒီအချိန်မှာ စစ်အစိုးရနဲ့မဟုတ်လို့ရှိရင် မပို့ဆောင်ဘူး၊ ဒါမှမဟုတ်ရင် ရန်ကုန်အထိ ပို့ဆောင်မယ်ဆိုရင် ရောင်းစားခံရတဲ့အမျိုးသမီးတွေရဲ့ ပြန်လာတဲ့လမ်းကြောင်းက အများကြီး အခက်အခဲ တွေ့ရတာကို ကျမတို့တွေ့ရတယ်။ ဒါကြောင့်မို့ ပိုပြီးလွယ်ကူစေတဲ့ ထိရောက်စေတဲ့နည်းလမ်းကတော့ တကယ်လို့များ ကချင်ဒေသနဲ့ ရှမ်းမြောက်ကဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီနယ်စပ် တွေကို ပို့ပြီးမှ သူတို့ရဲ့အိမ်ကို ပို့ဆောင်တဲ့လမ်းကြောင်းကိုရှာတယ်။

သူတို့နဲ့ ချိတ်ဆက်ပြီးမှ အလုပ်လုပ်တယ်ဆိုရင် ဒီအမျိုးသမီးတွေကို ထိထိရောက်ရောက် ကူညီရာ၊ ပံ့ပိုးရာ ရောက်တယ်ဆိုတဲ့ဟာကို ကျမတို့ တွေ့ရတယ်ပေ့ါနော်။ ပြီးရင် ကျမတို့တွေ့ရတာက ဒီအမျိုးသမီးတွေ ပြန်တဲ့ အချိန်မှာ သူတို့ဘက်က စစ်အစိုးရနဲ့ပဲ ပို့ဆောင်တဲ့အတွက်ကြောင့်မို့ တချို့ကတော့ နယ်စပ်ဖြတ်ကျော်တဲ့ ဥပဒေနဲ့ ပြန်ပြီး အဖမ်းခံရထိတာတို့၊ ကိုယ်ကပဲ လျော်ကြေးပြန်ပေးရတာတို့ အဲ့လိုပြဿနာတွေ ကြုံရတယ်။ ဒါက victim တွေကို double နစ်နာစေတဲ့အရာတွေ ဖြစ်စေတယ်။ ဒါမျိုးတွေ ထပ်မဖြစ်စေဖို့ တရုတ်အစိုးရအနေနဲ့လည်း နယ်စပ်ရဲ့အခြေအနေကို အခြေခံပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကောင်းကောင်း အလုပ်လုပ်ဖို့အတွက် ရောင်းစားခံဖို့ရယ်၊ ပြန်လာဖို့ဟာရယ် နှစ်ခုစလုံးအတွက်ကို ထပ်ပြီးရောင်းစားမခံရဖို့နဲ့ ပြန်လာတဲ့အချိန်မှာ ထိရောက်ကူညီတဲ့ လုပ်ရပ်တွေလုပ်ဖို့ အတွက်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့က အများကြီး အရေးကြီးတယ်ဆိုတာကို အဓိက ကျမတို့ထောက်ပြတာ တောင်းဆိုထားတာဖြစ်ပါတယ်။

မေး။ ။ KWAT အနေနဲ့ရော လူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့အမျိုးသမီးတွေကို ကူညီပေးခဲ့ရာမှာ အရေအတွက် ဘယ်လောက်များရှိခဲ့ပါလဲ။ အဲ့ဒီထဲမှာရော ဘယ်အသက်အရွယ်တွေ အများဆုံးပါဝင်ပြီး ဘယ်လိုမျိုးတွေနေကတဆင့် လူကုန်ကူးခံခဲ့ရတာမျိုးကို အများဆုံးတွေ့ခဲ့ရပါလဲ။

ဖြေ။ ။ ဒီအစီရင်ခံစာထဲမှာပါတဲ့ ကျမတို့ကူညီပံ့ပိုးတဲ့ အမျိုးသမီးက ၁၈၇ ယောက်ပေါ့နော်။ ၁၈၇ ယောက်ကို ကျမတို့ ကြည့်လိုက်တဲ့အချိန်မှာ အသက်အငယ်ဆုံး ၁၃ နှစ်ထိ ပါတာကို တွေ့ရတယ်။ ဆိုတော့ ၁၃ နှစ်ကနေ ၅၀ ဝန်းကျင်အထိ အမျိုးသမီးတွေ ပါတာတွေ့ရတယ်။ နှစ်ခါသုံးခါဆက်ပြီး ရောင်းစားခံရတဲ့အမျိုးသမီးတွေကတော့ များသောအားဖြင့် ၁၈ နဲ့ ၂၅နှစ် ကြားထဲမှာ များတယ်။ သူတို့က တစ်အိမ်မှာလိုအပ်တဲ့ သားမယားလုပ်ပြီးပြီဆိုရင် ကလေးမွေးပြီးပြီဆိုရင် သူတို့က တခြားကို ပြန်ရောင်းစားတယ်။ တချို့ကျတော့လည်း ကိုယ့်အိမ်မှာဆက်ဆံရေး မကြိုက်ဘူးဆိုရင် သူတို့က တခြားနေရာကို ပြန်ရောင်းစားတယ်။ အဲ့လိုမျိုး လုပ်တာတွေကိုလည်း ကျမတို့ တွေ့ရတယ်။ အဲ့လိုမျိုးတွေက များသောအားဖြင့် အသက်အရွယ်ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ တွေ့ရပါတယ်။ ဒီအမျိုးသမီးတွေကို ဘယ်လိုရောင်းစားခံရလဲဆိုတာ ကျမတို့ ပြန်ကြည့်တဲ့အချိန်မှာတော့ များသောအားဖြင့် သူငယ်ချင်း၊ မိတ်ဆွေဆီကနေ တဆင့်ဖြစ်တယ်။ တယောက်စကားတစ်ယောက်နဲ့ အလုပ်ရှိတယ် ထမင်းဆိုင်မှာ ဘယ်လောက်ရမယ် ဆိုတာကနေ မြန်မာနိုင်ငံပိုက်ဆံနဲ့ယှဉ်ရင်တော့ အများကြီးကွာတာကို တွေ့ရတယ်ပေါ့။

ယွမ်နှစ်ထောင်လောက် ရတယ်၊ မြန်မာမှာ ယွမ်နှစ်ထောင် ရဖို့အတွက်ဆိုရင်တော့ နေ့တိုင်းပဲအလုပ်လုပ်တယ်။ ခေါက်ဆွဲဆိုင်မှာ လုပ်တယ်ဆိုရင်တော့ မရနိုင်ဘူး။ ဒါပေမယ့် တရုတ်ခေါက်ဆွဲဆိုင်တို့ ထမင်းဆိုင်တို့မှာ လုပ်ရင်တော့ ရနိုင်တဲ့ အခြေအနေရှိတာကိုး။ ဆိုတော့ သူတို့က ဒါနဲ့မျှားခေါ်တဲ့ပုံစံမျိုး ဖြစ်တာပေါ့။ ဆိုတော့ အဲ့ဘက်မှာ အလုပ်လုပ်ဖို့ ရှိတယ်။ ထမင်းဆိုင်တို့ စက်ရုံတို့ဆိုပြီး အဲ့လိုမျိုးတွေ မျှားခေါ်ပြီးမှ တကယ့်တကယ် တရုတ်ပြည်ထဲ ခြေချတာနဲ့ တခါထဲကို ဟိုတယ်ထဲမှာလှောင်ပိတ်ခံရပြီး နင့်ကိုတရုတ်ယောကျ်ားယူဖို့အတွက်ကို အလုပ်ခေါ်တာ ဘာညာဆိုပြီး ပြန်ပြောင်းသွားတာမျိုးကို တွေ့ရတယ်။ တချို့ကျတော့လည်း အေး နေဦး လာခေါ်မယ်ဆိုပြီး တကယ်တမ်း လာခေါ်တာကလည်း အဲ့ဒီအမျိုးသားရဲ့ ဇနီးမယားဖြစ်ဖို့ ဖြစ်နေတယ်။ ဆိုတော့ သူငယ်ချင်း၊ မိတ်ဆွေကနေတဆင့် အလုပ်ခေါ်လို့ သွားတဲ့ပုံစံကိုလည်း ပိုပြီးတွေ့ရတယ်။ အင်တာနက်လိုင်းတွေ ဘာတွေရတုန်းကဆိုရင် အွန်လိုင်းကနေ အလုပ်ခေါ်တဲ့ ပုံစံမျိုးကိုတောင် ကျမတို့တွေ့ခဲ့ရတယ်။ အလုပ်ရှိပါတယ် ဘာညာဆိုပြီးတော့မှ အွန်လိုင်းကနေ ချိတ်ဆက်ပြီး နောက်ဆုံး ရောင်းစားခံရတဲ့အဆင့်ထိ ပါသွားတာတွေလည်း တွေ့ရပါတယ်။

မေး။ ။ အမျိုးသမီးတွေ တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ လူကုန်ကူးမခံရအောင် KWAT အနေနဲ့ အသိပညာပေးလုပ်ဆောင်နေတဲ့ အပိုင်းတွေရော ရှိပါလား။

ဖြေ။ ။ KWAT အနေနဲ့ ၂၀၀၅ နောက်ပိုင်း report တစ်ခုမှာ trafficking နဲ့ ပတ်သက်ပြီး research လုပ်ရင်း ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တွေကို ကျမတို့တင်ပြခဲ့ဖူးတယ်။ အဲ့ဒီ ၂၀၀၅ နောက်ပိုင်းကနေ ကျမတို့ migration နဲ့ human trafficking issues တွေကို community တွေကို ကျမတို့ awareness တောက်လျောက် လုပ်နေတာပေါ့။ community တွေကလည်း သူတို့အနေနဲ့ သူတို့ဒေသမှာ ဝိုင်းဝန်းကူညီ ကာကွယ်ပေးနိုင်ဖို့ကို သူတို့ကို အမြင်ဖွင့် သင်တန်းတွေပေးသလို သူတို့နဲ့လည်း ဝိုင်းပြီးအလုပ်လုပ်တဲ့ဟာကိုလည်း ကျမတို့ တောက်လျောက် လုပ်နေပါတယ်။

ဒါပေမယ့် နိုင်ငံရေး စီးပွားရေးကြောင့်မို့လို့ကတော့ ပြန်ပြီးဖြစ်နေတာပေါ့နော်။ ဆိုတော့ KWAT အနေနဲ့ ကတော့ awareness ကို တဖွဲ့ထဲပဲ မဟုတ်ဘူး။ တခြားဒီ migration နဲ့ trafficking နဲ့ ပတ်သက်ပြီး awareness လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဆောင်ရွက်ပြီးတော့မှာ community တွေကို public awareness တောက်လျောက်လုပ်နေပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here