ကရင်နီပြည်တွင်းနှင့် ရှမ်း – ကရင်နီနယ်စပ်တွင် ဘိန်းစိုက်ပျိုးမှု ပိုကျယ်ပြန့်လာ

0
127
Photo – Social Media

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ကရင်နီပြည်တွင်းနှင့် ရှမ်းပြည်နှင့် ကရင်နီနယ်စပ်တွင်လည်း ဘိန်းစိုက်ပျိုးမှု ပိုမိုကျယ်ပြန့်လာကြောင်း ဒေသခံများက ပြောဆိုသည်။

ကရင်နီပြည်အတွင်းရှိ တောင်ပေါ်ဒေသ၌သာမက မြေပြန့်ဒေသတို့တွင်ပါ ဘိန်းစိုက်ပျိုးမှုကို လွတ်လပ်စွာ စိုက်ပျိုး လုပ်ကိုင်လာသည်ဟု ဒီးမော့ဆိုဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အရင်ကစိုက်နေကြ ဒေသတွေမှာလည်း စိုက်တဲ့သူတွေ ပိုများလာတယ်ပေါ့နော။ စိုက်ခင်းဧက ပိုများလာတာ ပေါ့။ ဟို စိုက်နေကျမဟုတ်တဲ့ မြေပြန့်ဒေသတွေမှာလည်း စ စိုက်ပျိုးလာကြတာကို တွေ့ရတယ်ပေါ့နော။ အဓိက က အခုလို အလုပ်အကိုင် ရှားပါးတဲ့ကာလမှာ စားဝတ်နေရေးအတွက် စိုက်ကြတာပါပဲ” ဟု ၎င်းက ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်က ဘိန်းစိုက်ပျိုးမှုကို စီးပွားဖြစ်လုပ်ကိုင်ကြသည့် ရှမ်း – ကရင်နီနယ်စပ်ဒေသက ဖယ်ခုံ မြို့နယ်အတွင်းရှိ လအိ၊ လတိန် အစရှိသည့် ကျေးရွာတို့တွင် NLD အစိုးရလက်ထက်တွင် ဘိန်းစျေးကွက်ကျဆင်း မှုကြောင့် စိုက်ပျိုးနှုန်း နည်းပါးသွားခဲ့သေးသည်ဟု ဒေသခံတို့က ပြောသည်။

ထိုအချိန်က ယင်းဒေသတွင် ဘိန်းစိုက်ပျိုးမှုအစား ထောပတ်ပင်များကို အစားထိုးသီးနှံအနေဖြင့် စိုက်ပျိုးခဲ့ပေမယ့် စစ်အာဏာပြန်သိမ်းခံရသည့် ၂၀၂၁ ခုနှစ် ကစ၍ ဘိန်းစျေးကွက် ပြန်တိုးပွားလာတာကြောင့် စိုက်ပျိုးသူ ပြန်လည် များပြားလာကြောင်း သိရသည်။

NLD အစိုးရလက်ထက်က တစ်ပိဿာ ၂ သိန်းကျပ်သာရှိသည့် ဘိန်းစျေးမှာ အာဏာသိမ်းကာလတွင် တစ်ပိဿာ ကျပ် ၇ သိန်းကနေ ကျပ် ၁၀ သိန်းအထိ ပေါက်စျေး ပြန်လည်မြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။

ဘိန်းစိုက်ပျိုးမှုကို ပြည်နယ်တခုထဲ၌ အပြည့်အဝထိန်းချုပ်ပြီး လုပ်ငန်းစဥ်များ ချမှတ်ရန် မလွယ်ကူကြောင်း IEC က ပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတကာအကူအညီ ရယူပြီး လုပ်ငန်းစဥ်ဖော်ဆောင်နိုင်မှသာ အဆင်ပြေ နိုင်မည်ဖြစ်တာကြောင့် ကရင်နီပြည်၏ လက်ရှိ ဘိန်းစိုက်ပျိုးမှု အနေအထားကို ကိုင်တွယ်ရန်အတွက် လုပ်ငန်းစဥ် မချမှတ်ရသေးဟု IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောဆိုသည်။

ဦးဗညားက “စိုက်တောင်သူနဲ့ ပတ်သတ်ပြီးတော့ ဒီဟာက ရေရှည်လုပ်ရမယ့် လုပ်ငန်းစဥ်တခု ဖြစ်တယ်။ နောက်ပြီးတော့မှ အစားထိုးသီးနှံကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုချက်ချင်း လက်ငင်းလုပ်တာထက် စာရင် ဒီအခြေအနေကိုပိုပြီးတော့မှ သိရှိအောင် ကျနော်တို့ ကြိုးစားနေတယ်။ အချက်အလက်တွေ ပိုပြီးတော့ ရအောင် ကျနော်တို့ဆက်ကြိုးစားမယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့မှ တဖြေးဖြေး ကျနော်တို့ အစားထိုးသီးနှံ တွေ တခြားသောဖြစ်နိုင်ချေရှိတဲ့ စီးပွားရေးကဏ္ဍကို ကူးပြောင်းနိုင်အောင်လို့ပဲ ကျနော်တို့ စဥ်းစားနေတာ ရှိပါသေးတယ်” ဟု ပြောသည်

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၄ ၊ ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သော မြန်မာနိုင်ငံ ဘိန်းစစ်တမ်းအစီရင်ခံစာထဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဘိန်းစိုက်ပျိုးမှု လျော့နည်း လာတသည်ဆိုပေမဲ့ ကမ္ဘ့ာဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်ဟု ဆိုထားသည်။

UNODC ၏ မြန်မာနိုင်ငံ ဘိန်းစစ်တမ်းအစီရင်ခံစာထဲတွင် ကရင်နီပြည်တွင် ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် ရှမ်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စိုက်ပျိုးမှု ၈၈ ရာခိုင်နှုန်းဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု အများဆုံးပြည်နယ်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ကရင်နီပြည်တွင် စစ်အာဏာသိမ်းပြီးနောက် ဒေသခံများသာမကဘဲ စစ်ဘေးရှောင်များကပါ စားဝတ်နေရေး အတွက် ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင်လာကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကရင်နီပြည် ကြားကာလအစိုးရဖြစ်သည့် IEC က ချမှတ်ထားသော တရားဥပဒေစိုးမိုးရေး အထူးအစီအမံတွင် ဘိန်းစိုက်ပျိုးမှုကို အရေးယူမည့်လုပ်ငန်းစဥ် မပါဝင်သော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု တို့ကို ထိရောက်စွာဖမ်းဆီး အရေးယူသွားမည်ဟု ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – သတင်းပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here