တောင်ကြီးမြို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများမှ ပြန်လွတ်မြောက်ရန် ကျပ်ငွေသိန်းဆယ်ချီပေးနေရ

0
141
Photo - CJ

သျှမ်းပြည်၊ တောင်ကြီးမြို့နယ်အတွင်း ညပိုင်း၌အစစ်အဆေးများ ပိုမိုတင်းကြပ်လာကာ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံသူများသည်လည်း ကျပ်ငွေလွှတ်ပေးနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ တောင်ကြီးမြို့အတွင်း ယခင်ကထက် စစ်ဆေးတင်းကြပ်မှုများ များပြားလာပြီးနောက် ညအချိန် အပြင်သွားလာသည့် အမျိုးသားများကို အဓိက ဖမ်းဆီးမှုပြုလုပ်နေပြီး ဖမ်ဆီးထားသူများကို ကျပ်ငွေသိန်းဆယ်ချီပေးဆောင်မှ ပြန်လည်လွတ်ပေးသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ ပြန်လွတ်ဖို့ သိန်းဆယ်ချီပေးရတယ်။ မရှိတဲ့သူတွေကတော့ သူတို့အစားလိုက် ပေးရတာပေါ့။ တကယ့် လာဘ်ပေးလာဘ်ယူ ဈေးကွက်ကြီးဖြစ်နေတာ” ဟု အဆိုပါမြို့ခံအမျိုးသမီးက ဆိုသည်။

ယင်းအပြင် ဒီဇင်ဘာ ၁၄ ရက်နေ့က တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်အတွင်း လူငယ် အယောက် ၂၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းလည်း အသက် ၄၅ နှစ်အရွယ် မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“မနေ့ ရှေ့တစ်ရက် (ဒီဇင်ဘာ ၁၄ ရက်) ကတော့ ကန်အောက်ရပ်ကွက်က ၂၀ လောက်ပါသွားတယ်။ ဘာတွေ ဆက်ဖြစ်လဲ၊ ဆက်လုပ်နေလဲဆိုတာတော့ မကြားသေးဘူး။ မြို့ထဲမှာတော့ လဒကုန်းနားမှာ တော်တော်လေး စစ်နေတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံရသူအများစုသည် လက်လုပ်လက်စား အခြေခံလူတန်းစားများသည့်အတွက် ဖမ်းဆီးခံရပြီးနောက်ပိုင်း သတင်းအစအန ပျောက်ကွယ်သွားကာ စစ်သင်တန်းနေရာများသို့ ပို့ဆောင်ခံရခြင်း၊ စစ်ကောင်စီအလိုကျ ရှေ့တန်းသို့ ပို့ဆောင်ခံရခြင်းကို လူမသိသူမသိ ကျူးလွန်ခံနေရသည့် အခြေအနေများစွာ ရှိနေကြောင်းလည်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ဒေသခံများထံမှ စုံစမ်းသိရသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ထပ်မံရရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဖမ်းဆီးခံခဲ့ရပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် လူငယ် ၁၄၀ ကျော်ရှိခဲ့ကြောင်းနှင့် ထိုသို့ဖမ်းဆီးခံခဲ့ရသည့် လူငယ်များတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သော စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာနိုင်ငံတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများ၏ အနာဂတ်များအပေါ် ဆိုးကျိုးများစွာ သက်ရောက်ခဲ့ပြီး လက်ရှိကာလတွင်လည်း ထိုဥပဒေကို အသုံးချကာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ဝင်ငွေရနိုင်သည့် နည်းလမ်းအဖြစ် ဖန်တီးအသုံးချနေခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here