ပအိုဝ်းအချင်းချင်း ပဋိပက္ခမဖြစ်အောင် မူဝါဒများ ချမှတ်လုပ်ဆောင်နေ

0
103
Photo – PNDF (KK)

ပအိုဝ်းတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးတွင် ပအိုဝ်းအမျိုးသားအချင်းချင်းကြား ပဋိပက္ခမဖြစ်ပွားအောင် မူဝါဒများ ချမှတ်လုပ်ဆောင်နေသလို မိမိကိုယ်ကို ခုခံပိုင်ခွင့်မူကိုလည်း ကိုင်စွဲထားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောသည်။

လက်ရှိတွင် ပအိုဝ်းတော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLO/PNLA နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC တို့သည့် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ PNO/PNA နှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့်အပေါ် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLO/PNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ကျနော်တို့ကတော့ ပအိုဝ်းအချင်းချင်း ပဋိပက္ခမဖြစ်ရေးကို ကျနော်တို့ မူ ချမှတ်ပြီးတော့မှ လုပ်ဆောင်နေပါတယ်။ အဓိကက ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်မူကိုတော့ ကျနော်တို့ အခိုင်မာ စွဲကိုင်ထားပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသော ပအိုဝ်းပြည်သူ့စစ် PNO/PNA အနေဖြင့် PNLO/PNLA ထိန်းချုပ်ရာဒေသများသို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့် အခြေအနေများအား ညှိနှိုင်းဖြေရှင်းသည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟုလည်း PNLO/PNLA က ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC အတွင်းရေးမှူး – ၂ ခွန်ဝေထူးကလည်း PNO/PNA နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကို ယခုကဲ့သို့ ပြောဆိုသည်။

“PNO/PNA ပြည်သူ့စစ်တွေ အနေနဲ့ပေါ့နော်၊ ကျူးကျော်စစ်ဝင်ရောက် ဖော်ဆောင်လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးပေါ့နော်၊ စစ်ရေးထက်စာရင် ကျနော်တို့ ပအိုဝ်းအမျိုးသား အချင်းချင်းကြား ညှိနှိုင်းဖြေရှင်းရေး နည်းလမ်းကို ကျနော်တို့ ရွေးချယ်ဖို့ တိုက်တွန်းနှိုးဆော်လိုတယ်” ၎င်းက ဆိုသည်။

ညှိနှိုင်းဖြေရှင်းနေသည့်ကြားမှ ထပ်မံတိုက်ခိုက်လာမည်ဆိုပါက ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဟုလည်း PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောဆိုသည်။

“ကျနော်တို့ကို လာရောက်တိုက်ခိုက်မယ် ဆိုရင်တော့ စစ်အာဏာရှင် တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ PNO ဆိုတဲ့ ခေါင်းစဉ်ကို တိုက်ခိုက်မှာမဟုတ်ပါဘူး။ စစ်အာဏာရှင် စစ်ကောင်စီကို တိုက်ခိုက်တဲ့ခေါင်းစဉ်နဲ့ပဲ ကျနော်တို့ တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ခုခံတိုက်ခိုက်ရာတွင်လည်း မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းသွားမည်ဟု ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ PNFC အတွင်းရေးမှူး – ၂ ခွန်ဝေထူးက ဆက်ပြောပါသည်။

“နောက်ဆုံး အခြေအနေအရပေါ့လေ၊ ဒီကျူးကျော်ဝင်ရောက်စစ်ကို တဖက်ကနေပြီးတော့မှ လက်နက်ကိုင် လမ်းစဉ်နဲ့ ကျင့်သုံးလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် မဟာမိတ် ခုခံတော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ မိမိကိုယ်ကို ခုခံပိုင်ခွင့်မူအရ ပြန်လည်ပြီးမှ ခုခံကာကွယ်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်တို့သည် PNLA တပ်စခန်းရှိသည့် ဟိုနမ့်ကျေးရွာအုပ်စုဘက်သို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာလျှက် ရှိနေသည်။

“လက်ရှိအနေထားမှာလည်း ကျနော်တို့နယ်ထဲကို လာပြီးတော့မှ ထိုးစစ်ဆင်နေတဲ့ အနေအထားမှာရှိတယ်။ ဒီရက်ပိုင်းတိုက်ပွဲတွေက ငြိမ်နေပေမယ့် စစ်ရေးတင်းမာနေတဲ့ အနေအထားတွေ အပြန်အလှန် လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ အနေအထားတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ကို စတင်ဖွဲ့စည်းခဲ့သော ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက PNFC နှင့် PNLO တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင်လည်း စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အဆိုပါအဖွဲ့များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here