မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ရေလာလေးပြည်သူ့စစ်စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် သင်္ကန်းဝတ် နှစ်ဦးကို လူထုဆန္ဒအပေါ်မူတည်ပြီး အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၈) စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပခုက္ကူမြို့နယ် ရေလာလေး ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့ကြရာတွင် ဖမ်းဆီးရမိသူများထဲ လက်နက်ကိုင်ဆောင်ထားသည့် မဘသဘုန်းကြီးဟု ယူဆရသူ သင်္ကန်းဝတ်နှစ်ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ထပ်မံပြီး ပိုတိကျအောင် စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါဦးမယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေရှိလာရင်တော့ လူထုဆန္ဒ တော်လှန်ရေးသဘောတရားတွေအပေါ် မူတည်ပြီး အပြစ်ပေးအရေးယူမှုတွေ လုပ်သွားမှာပါ” ဟု အမှတ် (၈) စစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် ရေလာလေး ပြည်သူ့စစ် စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများထဲမှ မဘသဘုန်းကြီးဟု ယူဆရသူနှစ်ဦးထံမှ ဗုံးသီးနှစ်လုံးနှင့် ကာဘိုင်သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) မှ တပ်စိပ်မှူးရဲဘော် ထောင့်မကျိုး (ခ) ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက် စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့နှစ်ဦး ကျဆုံးခဲ့သည်ဟု ၎င်းက ပြောပါသည်။
ယင်းအပြင် ရေလာလေးပြည်သူ့စစ်စခန်းသိမ်းတိုက်ပွဲတွင် ဒေသခံပြည်သူ ၃ ဦးနှင့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်း ၇ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
ထိုတိုက်ပွဲမှ ၆၀ မမစိန်ပြောင်း ၁ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ M2 ကာဘိုင် ၁၂ လက်၊ ရှော့ဂန်း ၃ လက်၊ 5.56 လက်လုပ် ၁ လက်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနှင့် ပထမဆုံးလုပ်ဆောင်နိုင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲဖြစ်ပြီး ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင် (Local) တပ်ရင်း၊ Kamma Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
အမှတ် (၈) စစ်ကြောင်းသည် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။