ခန္တီးတွင် စစ်ကောင်စီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က စစ်သားစုဆောင်းရေးလုပ်နေပြီး လူငယ်များကိုဖမ်းဆီး

0
166
Photo – Social Media

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးမြို့တွင် လူငယ်များအား စစ်ကောင်စီတပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က တပ်သားစုဆောင်းမှုများလုပ်ကာ စစ်ဆေးဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

ခန္တီးမြို့ အဝင်အထွက်ဂိတ်များတွင် ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ လူငယ်အမျိုးသားများအား စစ်ဆေးဖမ်းဆီးလျက်ရှိရာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူဒေသခံတစ်ဦးက “တော်တော်ဖမ်းနေတယ်။ ဟိုနေ့ကလည်း ထွေအုပ် စာရေးကြီးကနေပြီးတော့ လေယာဉ်နဲ့သွားပို့တယ်။ ဘယ်မှာသွားပို့လည်းတော့ မသိဘူး။ အကုန်လုံးမှာ လိုက်ဆွဲတဲ့အခါမှာကြတော့ မသိရဘူး။ အသိလည်း မပေးဘူး။ ဖမ်းဖမ်းပြီးတော့ မိဘလည်းမသိရဘူး။ အသိမပေးဘူး။ အဓိကတော့ နာဂတွေ အများဆုံးပါပဲ” ဟု ပြောသည်။

ခန္တီး – ဟုမ္မလင်းလမ်း၊ ခန္တီး – နန်စီပွန်လမ်းနှင့် ခန္တီး – လဟယ်လမ်းတို့တွင် အဓိက စစ်ဆေးမေးမြန်ကာ လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

“ဂိတ်မှာ ဖမ်းတာလေ။ ဂိတ်မှာ အဲဒီ နန်စီပွန်ဂိတ်ရယ် ချင်းတွင်းဖြတ်တဲ့ဂိတ် အဲ့မှာခေါ်ပြီးတော့ ဖမ်းပြီးတော့ တပ်ထဲမှာ ခေါ်ခေါ်သွားတာ။ ကျနော် အတိအကျသိတာတော့ သုံးယောက်။ အဲ့ဒီတောင်ပေါ်ကဆင်းလာတဲ့ ချင်းတွင်းဂိတ်မှာ နောက်ပြီး နန်စီပွန်သွားတဲ့ထောင်ဂိတ်ရယ် အဲ့ကနေဖမ်းတာ” ဟု ၎င်းက ပြောသည်။

ခန္တီး – နန်စီပွန်သွားလမ်းတွင် ၃ ဦး၊ ခန္တီး – ဟုမ္မလမ်းတွင်လည်း လူငယ်များ ဖမ်းဆီးခံနေရပြီး အနည်းဆုံး ၁၀ ဦးထက်မနည်းရှိပြီဟု ဒေသခံများက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ခန္တီးမြို့ရှိ စတားလင့် အင်တာနက်ဆိုင်အတွင်းရှိ လူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားသည့်အပြင် စတားလင့်ဆိုင်အားလည်း ပိတ်သိမ်းလိုက်ကြောင်း ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက “စတာလင့် ဆိုင်မှာ ဝင်ဆွဲတာ တော်တော်များများ ပါသွားတယ်။ ပြီးတော့ စတာလင့်ဆိုင်က စက်ကိုလည်း တပ်က လာသိမ်းသွားတယ်။ ဆိုင်မှာတော့ ၁၀ ယောက်ကျော်တယ်။ ဘယ်နှစ်ယောက်ပါသွားတယ်ဆိုတာကတော့ တိတိကျကျ သိပ်မသိကြဘူး” ဟု ပြောသည်။

စတားလင့် အင်တာနက်ဆိုင်မှ ဖမ်းဆီးခံလိုက်ရသူများအား စစ်ကောင်စီတပ်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ငွေကျပ် သိန်း ၅၀ ဖြင့် ရွေးယူခိုင်းနေသည်ဟု ခန္တီးဒေသခံ ရပ်မိ/ရပ်ဖတစ်ဦးက ပြောသည်။

သို့သော် လူငယ်မည်မျှ ပြန်လွတ်လာသည်ကိုမူ မသိရသေးဘူးဟု ဆိုသည်။

ဒီဇင်ဘာလ ပထမပတ်မှ ဒုတိယပတ်အထိ ခန္တီးမြို့အတွင်း ဖမ်းဆီးမှုအခြေအနေများနှင့်ပတ်သက်၍ ခန္တီးဒေသခံ ရပ်မိ/ရပ်ဖတစ်ဦးက ယခုကဲ့သို့ ပြောပါသည်။

“ရပ်ကွက်ထဲမှာလည်း ညဆို ကလေးတွေကို လိုက်ဖမ်းတယ်။ လိုက်ဖမ်းပြီးတော့ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်း ပိုက်ဆံရှာတာပါ။ ညကိုဖမ်းပြီးတော့ မိဘကို အကြောင်းကြားပြီးတော့ ပိုက်ဆံနဲ့ ရွေးခိုင်းနေတာလေ။ အကုန်လုံးပါပဲ ထွေအုပ်ကော သူတို့ဌာနရဲရယ်၊ အုပ်ချုပ်ရေးမှူးရယ် စစ်တပ်ရယ်ပေါင်းပြီးတော့ ရတဲ့ပိုက်ဆံ ဝေစားမျှစားနေမှာပါ။ တချို့ကျတော့လည်း သိန်း ၅၀ – ၆၀ ပေးရင်တောင် အရွေးမခံဘူး” ဟု ၎င်းကဆိုသည်။

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်အပြင် ရှမ်းနီတပ်တော် SNA အဖွဲ့နှင့် နာဂလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့်
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – အန်းမိုင် NSCN-AM တို့ အဓိက လှုပ်ရှားနေကြောင်း သိရသည်။

နိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရသူ လူငယ်များမှာ အတင်းအဓမ္မ စစ်မှုထမ်းသင်တန်းသို့ ပို့ခံရခြင်းများရှိနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here