
စစ်ကောင်စီထိန်းချုပ်ရာ ရခိုင်ပြည်၊ စစ်တွေမြို့နယ် အနီးဝန်းကျင်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများကို သုံးရက်အတွင်း ထွက်ခွာသွားကြရန် စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်နေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
သိန်းတန်၊ ရာတန်၊ ကျားမသောက်၊ နာရီကန် စသည့်ကျေးရွာများက အုပ်ချုပ်ရေးမှူးနှင့် ရွာတာဝန်ခံများကို စစ်ကောင်စီက ဒီဇင်ဘာ ၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး ကျေးရွာမှ ထွက်ခွာကြရန် သတိပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီးတော့ ရွာမှာ အိမ်စောင့်အဖြစ် ကျန်ရှိနေသေးတဲ့ ကျေးရွာသားတွေကို ၃ ရက်အတွင်းမှာ ရွာကထွက်ခွာကြဖို့ ခေါ်ယူသတိပေးထားတယ်။ မြို့တက် နေချင်ရင်နေ၊ မနေချင်ရင် ကိုယ်ကြိုက်တဲ့နေရာကို သွားဆိုပြီး ပြောတယ်။ ရွာသားတွေကတော့ ဘယ်ကိုသွားရမယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ပြီးနောက် ဒေသခံများကို နှင်ထုတ်နေခြင်းဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။
ကျေးရွာသားအများစုမှာ ယခင်ကတည်းက လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် ကျန်နေသူတချို့သာရှိသော်လည်း ယခုအခါ အားလုံးကို နှင်ထုတ်နေခြင်းဖြစ်သည်။
နှင်ထုတ်ခံရသည့် ကျေးရွာများရှိ အရပ်သားပိုင်အိုးအိမ်များကို စစ်ကောင်စီနှင့် အပေါင်းပါမွတ်ဆလင်များက ဖျက်ဆီးမှုများလည်း ရှိနေသည်ဟု ရာတန်ကျေးရွာမှ တိမ်းရှောင်လာသူအမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့ စစ်ရှောင်လာတုန်းကတော့ ရွာမှာအိမ်စောင့်အဖြစ် အမျိုးသားတချို့ ကျန်ခဲ့ကြသေးတယ်။ အခု သူတို့ကိုလည်း ရွာကနှင်ထုတ်နေတယ်ဆိုတော့ သူတို့ဘယ်မှာသွားနေကြမယ် ဆိုတာတော့ မသိဘူး။ ရွာမှာက လူမရှိတော့တဲ့ အိမ်တွေဆိုရင် စစ်ကောင်စီက မွတ်ဆလင်တွေနဲ့ပေါင်းပြီးတော့ အိမ်တွေကို ဖျက်ဆီးနေကြတာတွေရှိတယ်လို့ သိရတယ်။ တချို့ လူလုံးဝမရှိတော့တဲ့ ရွာတွေဆိုရင် အိမ်တွေတောင် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်စစ်ပွဲ ပြင်းထန်နေချိန် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက နှင်ထုတ်လိုက်သည့် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ရှိနေသည်။
နှင်ထုတ်ခံရသူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်ကာ စားဝတ်နေရေးခက်ခဲမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကောင်စီက ရေချမ်းပြင်ကျေးရွာသားများကို နှင်ထုတ်ခဲ့သလို နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပါဒလိတ်ကျေးရွာသားများကို နှင်ထုတ်ခဲ့သည်ဟု စစ်တွေမြို့ခံတို့ ပြောဆိုမှုအရ သိရသည်။
“မောင်တော AA လက်ထဲ ကျရောက်သွားတော့ ဒီတခါစစ်တွေအလှည့်ဆိုပြီးတော့ စစ်ကောင်စီက စစ်ရေးပြင်ဆင်နေတာ ဖြစ်တယ်။ အဓိက AA စစ်ချီလာမယ့် လမ်းကြောင်းတွေမှာ ဒေသခံတွေမရှိအောင် ရှင်းလင်းထားတဲ့သဘော မြင်ရတယ်။ ဒါပေမဲ့ အဲဒီကျေးရွာသားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အတင်းရွှေ့ပြောင်းခိုင်းတာကတော့ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်” ဟု ရခိုင်ဒေသခံ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက သုံးသပ်သည်။
စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်လုပ်ကိုင်နေပြီး ပြည်မဘက်မှ စစ်ကောင်စီတပ်သားများကို စစ်သင်္ဘောများနှင့် ပို့ဆောင်နေသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပတ်ဝန်းကျင်တစ်ခုလုံးကို ဝန်ရံပိတ်ဆို့ကာ ခံစစ်ပြင်ဆင်ထားပြီး ဒေသခံများကို စစ်တွေမြို့တွင်းတခုတည်း၌သာ လှောင်ပိတ်ထားသည်ဟု သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။