ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေ

0
135
ပုံစာ - ဗန်းမော်ကနေ စွန့်ခွာလာသည့်စစ်ဘေးရှောင်များ (Photo - Simsa Kasa)

ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့ပတ်လည်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြသည်ဟု ဗန်းမော်မြို့ခံပြည်သူများက ပြောသည်။

ဒီဇင်ဘာ ၄ ရက်နေ့က စတင်ဖြစ်ပွားလာသည့် KIA ပူးပေါင်းတပ်၏ စစ်ဆင်ရေးသည် ယနေ့ထိဆိုပါက ၆ ရက်မြောက်နေ့ထိ ရှိလာပြီဖြစ်ပြီး နှစ်ဖက်တပ်ကြားတိုက်ပွဲကြောင့် မြို့တွင်း၌ လက်နက်ကြီးကျပေါက်ကွဲမှုများ ရှိနေသည်ဟု သိရသည်။

ထိုအခြေအနေကြောင့် ဗန်းမော်မြို့ပတ်လည်တွင်ရှိသည့် ကျေးရွာနေပြည်သူများအပါအဝင် မြို့တွင်း၌ နေထိုင်သည့် ပြည်သူများသည်လည်း ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်ထွက်ပြေးနေကြကြောင်း သိရသည်။

ဗန်းမော်မြို့ခံတစ်ဦးက “ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ်။ ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာလို့။ ခုမြို့ထဲမှာက အိမ်စောင့်လောက်ပဲ တချို့ကျန်နေတာ။ အများပိုင်း တိမ်းရှောင်နေကြပြီ။ ခန့်မှန်းချေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီ” ဟု ပြောဆိုသည်။

ဗန်းမော်မြို့ခံများသည် ဗန်းမော်မြို့တဖက်ကမ်းရှိ ရေလဲ၊ နန့်ခုတ်၊ မိုင်းခေါင်၊ ဟန်ထက်၊ စီခမ်းကြီးဘက် ထွက်ပြေးတိမ်းရှောင် သူများရှိသလို ဗန်းမော် – ရွှေကူ – ကသာလမ်းကနေ ရွှေဘို – မန္တလေးဘက် တိမ်းရှောင် သူများ ရှိနေသည်ဟုလည်း သိရသည်။

ယနေ့ထိ KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းရဲစခန်း၊ ထွေအုပ်ရုံးနှင့် နည်းပညာတက္ကသိုလ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ရှင်းလင်းသိမ်းပိုက် ရရှိထားပြီဟုလည်း သတင်းများထွက်ပေါ် နေပေမယ့် ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ယင်းအပြင် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ဝင်းထဲရှိ ဗန်းမော်အကျဉ်းထောင် ကိုလည်း ဖွင့်ပေးလိုက်ပြီဟု သတင်းထွက်နေပေမယ့် အကျဉ်းထောင်ရှိရာ စကခ ၂၁ ကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲသာဖြစ်သည်ဟုလည်း ဒေသခံတချို့က ပြောဆိုသည်။

“သိပ်တော့ မမှန်နိုင်ဘူးဗျ။ ဖွင့်ပေးလိုက်တာမျိုး မဟုတ်ပဲ တချို့ လွတ်ရက်နီးလာတဲ့သူတွေကို မိသားစုကို လာကြိုဖို့ ပြောတာမျိုးတော့ ကြားမိတယ်။ အဲသတင်းကတော့ မမှန်နိုင်ဘူး” ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦး ပြောပြသည်။

ဒီဇင်ဘာ ၉ ရက်နေ့အထိ ဗန်းမော်မြို့နှင့် မံစီမြို့နယ် အကြားတွင်ရှိသည့် ခလရ ၄၇ တပ်နှင့် မံစီမြို့စောင့်တပ် ဖြစ်သည့် ခမရ ၆၀၁၊ ၃၁၉ တို့ကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းစခန်း ၇ ခုကို KIA က သိမ်းပိုက်ခဲ့ပြီးနောက် မံစီ မြို့စောင့်တပ်ဖြစ်သည့် ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းနှင့် ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇ နှင့် မြို့တွင်းတပ် စကခ ၂၁ ကို ဆက်ပြီးထိုးစစ်ဆင်နေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဗန်းမော်မြို့သည် တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နှင့် မိုင် ၄၀ ဝန်းကျင် အကွာတွင်တည်ရှိပြီး ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနှင့် ဖွဲ့စည်းထားပြီး လူဦး ၁၁၀, ၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်၏ အရှေ့ဘက်တွင် မိုးမောက်မြို့နယ်၊ အနောက်ဘက်တွင် ရွှေကူမြို့နယ်၊ တောင်ဘက်တွင် မံစီမြို့နယ်၊ မြောက်ဘက်တွင် ဝိုင်းမော်မြို့နယ်တို့ တည်ရှိပြီး ခရိုင်ရုံးစိုက်ရာ မြို့နယ်လည်းဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ ရေကြောင်း အဓိက အချက်ချာကျသည့်မြို့လည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here