စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ဥက္ကဌကို တွေ့ဆုံရန်ဖိတ်ခေါ်

0
168
ပုံစာ - ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မိုင်ဂျာယန်မြို့တွင်ပြုလုပ်ခဲ့သည့် EAO အဖွဲ့ တွေ့ဆုံဆွးနွေးပွဲတွင်တွေ့ရသည့် KIO ဥက္ကဌ။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်တို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နှင့် တွေ့ဆုံရန် ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သော အဖွဲ့သည် တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာ ၈ ရက် နေ့ ကတည်းက တရုတ်ပြည်ကို ထွက်သွားပြီး တွေ့ဆုံကြမည့် အကြောင်းအရင်း အသေးစိတ်ကို မသိရှိဘူးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“KIO က တရုတ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ မဟုတ်ဘဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ် အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော်။ သွားတော့ သွားလိုက်တယ်၊ မနေ့က သွားလိုက်တယ်။ မနေ့က သွားလိုက်တဲ့ထဲမှာ ကျနော်တို့ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာ ဟုတ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်တကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIA က ထိန်းချူပ် ထားပြီး လက်ရှိ၌ ဗန်းမော်မြို့နှင့် မံစီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲ ပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံရန် ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်မှုက ဗန်းမော်တိုက်ပွဲ ရပ်တန့်ပေးရန် ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားသည့် နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ရန် ညှိနှိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု တရုတ်အရေး ကျွမ်းကျင်သည့် ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ယခုလိုပြောပါသည်။

“အကြောင်းအရင်းက ၂ ခု ဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံး ဖွင့်မယ့်ကိစ္စ တိုင်ပင်လာ နိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲ ရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူက တရုတ်အစိုးရနှင့် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO အကြား တစ်လ (သို့မဟုတ်) ၂ လ တကြိမ် ပုံမှန်လုပ်သည့် တွေ့ဆုံမှုသာ ဖြစ်နိုင်သည်ဟု ပြောဆိုပါသည်။

ကချင်အထူးဒေသ (၁) နယ်မြေအား မသိမ်းပိုက်ခင်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ် ဘက်က တိုက်ပွဲမဖော်ဆောင်ရန် ဖိအားပေးမှုများလည်း ရှိခဲ့သည်။

သို့သော် KIA က တရုတ်ဖိအားများကြားက မြေရှားသတ္တုထွက်ရှိရာ ကချင်ပြည်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စသည့် နယ်စပ်ကုန်သွယ်ရေးဒေသအားလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်များအားလုံး ပိတ်ထားဆဲဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာ ၄ ရက်နေ့ ကစ၍ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နှင့် မိုင် ၄၀ အကွာတွင်ရှိသည့် ဗန်းမော်မြို့ကို KIA က ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲလည်း ဖြစ်သည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကြား တိုက်ပွဲဆက်လက် ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်လျက် ရှိနေသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် တည်ရှိရာ လားရှိုးမြို့ အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားပြီဖြစ်သည့် ကိုးကန့်တပ် MNDAA နှင့် တအာင်း လွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့တို့သည် တရုတ်ဖိအားကြောင့် အပစ်ရပ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးရန် တပ်ဖွဲ့နှစ်ဖွဲ့လုံးက ထုတ်ပြန်စာများ အသီးသီး ထုတ်ပြန်ထားပြီလည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here