ဖားဆောင်းတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေပြီး လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု တိုးမြှင့်လာ

0
117
Photo – KNDF

ကရင်နီ (ကယား) ပြည် ဖားဆောင်းမြို့ကို စစ်ကောင်စီက အင်အားဖြည့်နေပြီး လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ အပြင်းအထန်လုပ်၍ မြို့မကျရေးအတွက် ခုခံနေသည်ဟု ကရင်နီတော်လှန်ရေးတပ်များက ပြောသည်။

ဖားဆောင်းမြို့ မကျစေရန်အတွက် စစ်ကောင်စီတပ်က ကျန်ရှိနေသည့်တပ်စခန်း ၂ ခုသို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းနေကြောင်း သိရသည်။

လက်ရှိတွင် ဖားဆောင်းဘက်သို့ စစ်ကူပို့ပေးနိုင်မည့် မြေပြင်လမ်းကြောင်းများကို တော်လှန်ရေးတပ်ဘက်က ပိတ်ဆို့ဟန့်တား ထားသောကြောင့် စစ်ကောင်စီတပ်သည် ထိုစခန်း ၂ ခုထဲသို့ လေကြောင်းမှတဆင့်သာ လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းနေရသည်ဟု ဆိုသည်။

ဖားဆောင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများကက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဖားဆောင်းမြို့ပေါ်ရှိ နေရာတော်တော်များများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ် ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တပ်စခန်းနှစ်ခုအား ဒီဇင်ဘာလ ၇ ရက်နေ့ အချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ဖားဆောင်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် ထိုစခန်း ၂ ခုကို သိမ်းပိုက်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဖားဆောင်း PDF တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

Òကျနော်တို့ မြို့သိမ်းတိုက်ပွဲလုပ်နေတာ ၉ လတာ ကျော်သွားပြီပေါ့နော်။ တပ်ရင်းနှစ်ရင်း ကျန်သေးတယ်ပေါ့ နော်။ အဲဒီတပ်ရင်း နှစ်ရင်းရရှိဖို့ ကျနော်တို့ တပ်ပေါင်းစုတွေအနေနဲ့ ကြိုးစားနေတယ်။” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ စခန်းနှစ်ခုသည် ဗျူဟာကျသည့် တောင်ကုန်းပေါ်တွင်ရှိပြီး ကာကင်းများ ဘန်ကာများဖြင့် အခိုင်အမာ တည်ဆောက်ထားသည့်အပြင် လက်နက်ခဲယမ်းများလည်း အများအပြား အသုံးပြုနေသည့် တပ်စခန်းဖြစ်သည်ဟု ဖားဆောင်း PDF တာဝန်ရှိသူ ပြောဆိုသည်။

အဆိုပါ တစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အဟန့်အတားဖြစ်စေသည့် အဓိက အကြောင်းအရင်းမှာ တော်လှန်ရေးတပ်ဘက်တွင် လက်နက်ခဲယမ်း လုံလောက်မှုမရှိခြင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် အသုံးပြုပြီး ခုခံနေသောကြောင့် ဖြစ်သည်ဟု ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

ထိုတပ်စခန်းနှစ်ခုထဲတွင် စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ကျန်ရှိနေသေးသည်ဟု တော်လှန်ရေးတပ်များမှ ခန့်မှန်းပြောဆိုသည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင် ထိုးစစ်မဆင်နိုင်တော့သည့်အပြင် စခန်းမကျစေရန်အတွက် ယခုနောက်ပိုင်း တွင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင် ခဲ့သည်ဟု အဆိုပါ ဖားဆောင်း PDF တာဝန်ရှိသူက ပြောသည်။

Òလေယာဉ်နဲ့ ၁၅ ရက်မှာ နှစ်ကြိမ် ၁၆ ရက်မှာ ၃ ကြိမ် ၁၇ ရက်နေ့မှာ တစ်ကြိမ်ပေါ့ လာကြဲသွားတာ တွေရှိပါ တယ်။ ပြည်သူတွေကတော့ ထိခိုက်မှု မရှိပါဘူး။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးTarget တွေကိုပဲ သူတို့ကြဲသွား တာတွေ ရှိပါတယ်။ ကျွန်တော်တို့ တပ်ပေါင်းစု အနေနဲ့လည်း ဒီလေကြောင်းတိုက်ခိုက်မှုမှာ တစုံတရာတော့ ထိခိုက်မှု မရှိဘူးပေါ့နော။Ó ဟု အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

ထို့အပြင် ဖားဆောင်းမြို့နှင့် အနီးဆုံးတပ်စခန်းများဖြစ်သည့် မိုင် ၂၀ ခန့်ကွာဝေးသော ဘောလခဲမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းတွင်လည်း လေကြောင်းမှတဆင့် အင်အားဖြည့်တင်းမှုများ ရှိနေသည်ဟု ကရင်နီ တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

၉ လကျော်အကြာ တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများက ဖားဆောင်းမြို့နှင့် အနီးတဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းများဖြစ်သည့် စေတီကုန်း နှစ်ခု၊ သံလွင်တံတား စစ်ဆေးရေးဂိတ် ၂ ခု၊ ရဲစခန်းတံတား၊ မြို့နယ်ခန်းမ ၊ ထီးထာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ အချိန်အထိ ထိန်းချုပ်ထားကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here