စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ကြုံခဲ့ရသည့် ပူတာအိုဒေသခံများကို “အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ” က ဝိုင်းဝန်းကူညီ ဖြေရှင်းလုပ်ဆောင်ခဲ့မှုတို့နှင့်ပတ်သက်ပြီး ကော်မတီ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်နယ်တွင် ပူတာအိုဒေသတွင် စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဒေသခံများ ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရသည့်။ ထို့အတွက် ဒေသအတွင်း ဖွဲ့စည်းထားသော “အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ” က စက်သုံးဆီပေပါ ၂ ထောင်ကျော် နှင့် ဆန်အိတ် ၅ ထောင်ခန့်ထိ သယ်ယူပြီး ဒေသခံပြည်သူများ၏ အခက်အခဲကို ထောက်ပံကူညီခဲ့ပါသည်။
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ကစ၍ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ တာကြောင့် မေလအထိ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၃ လကြာကာလအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့က ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်စစ်တပ်က ပိတ်ထားသည့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်းတွင် ရက်ကြာရှည်စွာ မည်သည့်ယာဉ်မှ သွားလာခွင့်မရတော့ဘဲ ပူတာအိုခရိုင်တစ်ခုလုံး စက်သုံးဆီနှင့် စားသောက်ကုန် ပစ္စည်းများ ပြတ်လပ်သွားခဲ့သည်။
ပူတာအိုဒေသခံပြည်သူများ၏ စားဝတ်နေရေးအကျပ်အတည်းကို ကူညီဆောင်ရွက်ပေးရန်အတွက် လူမှုအကျိုးပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့ စုပေါင်းပြီးဖွဲ့စည်းထားသည့် “အရပ်ဖက်အဖွဲ့အစည်းစုပေါင်းကော်မတီ” က စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ ပူတာအိုမြို့နယ်ထဲ ဝင်ရောက်နိုင်ရန် ကူညီလုပ်ဆောင်ခဲ့သည်။
တဖက်တွင်လည်း ဇူလိုင်လဆန်းပိုင်း၌ ကချင်ပြည်နယ်တခုလုံးအတိုင်းအတာနှင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပိုင်းသည် ကုန်ကားများ သွားလာလို့မရအောင် ကားလမ်းပိုင်း ပျက်စီးသွားခဲ့သည်။
တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ရေကြီးရေလျှံပြီး လမ်းပိုင်းပျက်စီးမှုတို့ကြောင့် လက်ရှိ အချိန်အထိလည်း ပူတာအိုဒေသအတွင်း သွားလာရေးခက်ခဲသည့် နေရာဒေသများသို့ “အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ” က ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီများကို ၆ လတာအတွင်း အခမဲ့လိုက်လံကူညီပေးနေသလို ဝယ်စျေးအတိုင်း သက်သာသော နှုန်းထားဖြင့် ဒေသခံပြည်သူများကို ရောင်းချပေးနေသည်ဟု သိရသည်။
ထိုသို့ ပူတာအိုဒေသခံပြည်သူများ၏ အကျပ်အတည်းအခက်အခဲများ ကူညီဆောင်ရွက်ပေးနိုင်ရန် “ အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ” အား ဖွဲ့စည်းဖြစ်ခဲ့ပုံနှင့် ကြုံတွေ့ရသည့်အခက်အခဲများ၊ ကူညီဆောင်ရွက်ပေး နေသည့် လုပ်ငန်းစဉ်များအကြောင်းကို “အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ” တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မင်္ဂလာပါ။ ပူတာအိုဒေသမှာ ခက်ခဲနေတဲ့ပြည်သူတွေအတွက်ဆိုပြီး အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနေတာပါလဲ။
ဖြေ။ ။ ကျနော်တို့က “အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ” လို့ ခေါ်ပါတယ်။ အဓိကတော့ ပူတာအို ဒေသမှာ ဆန်၊ ဆီ ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းပါ။ ဖွဲ့စည်းထားတာ လည်း ၆ လ စီမံကိန်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုချိန်အထိလည်း ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင် ပေးနေပါတယ်။
ကျနော်တို့ လုပ်ဆောင်ပေးတဲ့အထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပြီး ပူတာအိုဒေသမှာ စျေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းချပေးသလို အရမ်းခက်ခဲတဲ့ ပြည်သူတွေကိုတော့ အခမဲ့ကူညီပေးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ခက်ခဲတဲ့ဒေသဆီသွားပြီး ဆန်အိတ် ၁၅၀ ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါက တစ်ပိုင်း၊ နောက်တစ်ပိုင်းက အားလုံးကို အခမဲ့မပေးနိုင်တာဖြစ်တဲ့အတွက် ဝယ်စျေးအတိုင်း ပြည်သူတွေ သက်သာအောင် ပြန်ရောင်းချပေးပါတယ်။
မေး။ ။ ဒီလိုဖွဲ့စည်းလိုက်ပြီးနောက် ပူတာအိုဒေသခံပြည်သူတွေအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့ပါလဲ။
ဖြေ။ ။ ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ကတည်းက ပူတာအိုဒေသတစ်ခုလုံး ဆန်နဲ့ စက်သုံးဆီက လုံးဝ ပြတ်လပ်သွားတဲ့ အချိန် ဖြစ်တယ်။ ရှိရင်တောင် ဓါတ်ဆီတစ်ပေပါ သိန်း ၅၀၊ ၆၀ အထိ ရှိတယ်။ အဲလိုခက်ခဲ နေတဲ့အချိန် ဓါတ်ဆီပေပါ နှစ်ထောင်ကျော် တင်သွင်းနိုင်ခဲ့တယ်။ ဥပမာ – ဆီတစ်ပေပါ သိန်း ၃၀ စျေးရှိနေတဲ့ အချိန် ၂၁ သိန်းလောက်နဲ့ ပြည်သူတွေကို ရောင်းချပေးတယ်။ ထိုနည်းတူ ဆန်အိတ်လည်း ၄၀၀၀ ဝန်းကျင် တင်သွင်းနိုင်ခဲ့တယ်။ အပြင်မှာ ၃ သိန်းအထိတောင် စျေးတက်နေတဲ့အချိန် ဝယ်စျေးနဲ့ မကွာဘဲ ရောင်းချပေးခဲ့ ပါတယ်။
မေး။ ။ ကုန်ပစ္စည်းနဲ့စက်သုံးဆီတွေကို တင်သွင်းပြီး ပြန်ရောင်းပေးတာဆိုတော့ အကျိုးအမြတ်က ဘယ်လိုပြန်ရတာပါလဲ။
ဖြေ။ ။ ပူတာအိုဒေသမှာက စျေးနှုန်းတစ်ခုတက်ပြီဆိုရင် ပြန်ကျဖို့က အရမ်းခက်ခဲတာ ဟုတ်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီလုပ်ငန်းကို စတင်လုပ်ကိုင်တဲ့အချိန်မှာ အရင်းအနှီးမရှိဘဲ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် အကျိုးအမြတ်နဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့အဖွဲ့တွေက မိုင်းနတ် (စ်) ပြပါတယ်။
ဒါပေမယ့် ကျနော်တို့ဟာ စလုပ်ကတည်းက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အကျိုးပြုပေးဖို့ လုပ်တာဖြစ်တဲ့အတွက် အဲဒီဘက်ကို ပြန်ပြီးကြည့်မယ်ဆိုရင် ပြည်သူတွေ အများကြီးအဆင်ပြေသွားပြီ။ နောက်တခု ဒေသကုန်စျေးနှုန်းတွေကိုလည်း ထိန်းပေးသလို ဖြစ်သွားတယ်။ ဒါက ရည်ရွယ်ချက်အောင်မြင် တယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ အဲဒီအချိန်မှာက ပူတာအိုဒေသမှာ ဘယ်လောက်အခြေအနေအထိ ကျပ်တည်းခဲ့တာပါလဲ။ ဘာကြောင့် ပရဟိတအဖွဲ့တွေက ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချပေးတဲ့အထိ ဖြစ်လာခဲ့ရတာလဲ။
ဖြေ။ ။ ဘယ်လောက်ထိ ခက်ခဲခဲ့ရသလဲဆိုတော့ ကျနော်တို့ဖွဲ့စည်းတဲ့အချိန်မှာ မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းကို စစ်ကောင်စီနဲ့ KIA တပ်တွေက ဆွမ်ပရာဘွမ့်မှာတိုက်ပွဲဖြစ်လို့ ဘယ်သူမှသွားလာလို့မရအောင် လမ်းပိတ်ထားတာ ဟုတ်တယ်။ အဓိကတော့ စစ်ပွဲဖြစ်လို့ နှစ်ဖက်တပ်က အပြန်အလှန်ပိတ်နေကြတာ။
အဲဒီအချိန်မှာ ဘာဖြစ်လာလဲဆိုတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ၊ စက်သုံးဆီ ရောင်းတဲ့သူတွေက မရောင်းပေး တော့တဲ့ အခြေအနေအထိ ကြုံခဲ့ရတယ်။ ကျနော်တို့မဖွဲ့စည်းခင် ဆီရောင်းတဲ့ဆိုင်ကြီး ၁၂ ခုလောက် ရှိတယ်။ တစ်ဆိုင်မှ မရောင်းပေးခဲ့ဘူး။ ဘယ်လောက်ထိ ဆိုးခဲ့သလဲဆိုတော့ ရောင်းပေးတဲ့အချိန်မှာလည်း တစ်လီတာကို တစ်သိန်းလောက်အထိ ရှိခဲ့တယ်။ ပြည်သူတွေက တော်တော်ခက်ခဲခဲ့ပါတယ်။
မေး။ ။ ဒီလို စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေကိုသယ်ယူပြီး ပြန်ရောင်းချပေးတဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘယ်လိုလုပ်သွားကြသလဲ။
ဖြေ။ ။ အမှန်တော့ ဒါလည်းပြဿနာတစ်ခုလို အမြင်လွဲမှားနေတာ ရှိနေတာပေါ့လေ။ ကျနော်တို့က ပြည်သူတွေဆီကို ဆီရောင်းပေးနိုင်ဖို့ ကြိုးစားတာပဲရှိတယ်။ အဲ့ဒါကို စီပွားရေးလုပ်ရှင်တွေက ပရဟိတ လုပ်ငန်းရှင်တွေက သူတို့ကို တိုက်ခိုက်တယ်လို့ပဲ မြင်ပါတယ်။
အမှန်တော့ ကိုယ့်ဒေသအရေးကို ကျနော်တို့ဝိုင်းဝန်းဖြေရှင်းတဲ့သဘောပါပဲ။ ပြောချင်တာက ဆန်ရောင်းတဲ့ သူတွေက ဆန်စျေးနှုန်းကို အဆမတန်စျေးတင်ရောင်းတယ်။ ဆီရောင်းတဲ့သူတွေလည်း ဆီကိုအဆမတန် တင်ရောင်းတယ်။ ဒါကြောင့် ကျနော်တို့က ပြည်သူတွေခက်ခဲနေတဲ့ကြားထဲကနေ စျေးကွက်ထိန်းပေးတဲ့ သဘောလည်းပါတယ်။
မေး။ ။ စက်သုံးဆီနဲ့ဆန်တွေကို သယ်ယူနိုင်ဖို့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုညှိနှိုင်းလိုက်ရပါလဲ။
ဖြေ။ ။ ဘယ်လောက်အထိ ညှိနှိုင်းလိုက်ရသလဲဆိုတော့ ဒီလမ်းကိုဖြတ်ပြီး သွားလာဖို့ဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း နှစ်ဖက်စစ်တပ်ကို စတင်ပြီး အများကြီးညှိနှိုင်းခဲ့ရတယ်။ နှစ်ဖွဲ့စလုံးကိုလည်း ပွင့်လင်းလင်း ပြောထားရတယ်။ ဒါမှ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလည်း အဆင်ပြေမှာလေ။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဝန်ကြီးချုပ်အထိ တွေ့ရတယ်။ ပြီးရင် တဖက်မှာလည်း KIA အစိုးရနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေ တဆင့်ပြောရတယ်။ ဒါက ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲပေါ့။
မေး။ ။ တကယ်တမ်း ပြည်သူတွေရဲ့အခက်အခဲကို ဖြေရှင်းပေးဖို့ လုပ်ဆောင်လာတဲ့အချိန်မှာရော အခက်အခဲတွေ ရှိခဲ့ပါလား။
ဖြေ။ ။ ကျနော်တို့မှာ ငွေရေးကြေးရေးလုံလောက်မှု မရှိခဲ့ဘူး။ မြို့နယ်တစ်ခုအတွက်ပဲ စီစဉ်ရတာ မဟုတ်တဲ့ အတွက် ပူတာအိုတစ်ခရိုင်လုံးအတွက် စဉ်းစားရပါတယ်။ သုံးရမယ့်ငွေကြေးပမာဏက အနည်းဆုံးသိန်း နှစ်သောင်းလောက် သုံးရပါတယ်။ ဒီမှာပါနေတဲ့ အဖွဲ့အစည်းတွေကလည်း ပရဟိတအဖွဲ့တွေကြီးပဲဆိုတော့ ငွေကြေးလုံလောက်မှု မရှိဘူး။
အဲ့ဒါကြောင့် တစ်လလောက်အထိ ရံပုံငွေရှာဖွေရေး အရင်လုပ်ရတယ်။ တောင်းတာမဟုတ်ဘဲနဲ့ ချေးငှားပြီး လုပ်ရတာ။ ဒါကြောင့်မလို့လည်း ကူညီရေးအဖွဲ့ဆိုပေမယ့် အားလုံးကိုအခမဲ့ မပေးနိုင်တာလည်းပါတယ်။ တကယ်လုပ်ကိုင်တဲ့အခါမှာလည်း လူအင်အား မလုံလောက်တဲ့ အခြေအနေတွေလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
မေး။ ။ ကုန်ပစ္စည်းသယ်ယူတဲ့အခါမှာ စက်သုံးဆီနဲ့ဆန်ပဲလား။ တစ်ခြားကုန်ပစ္စည်းတွေရောပါလား။
ဖြေ။ ။ ကျနော်တို့ စီမံချက်ကာလအတွင်းမှာ ပေပါ ၂၁၀၀ သယ်ယူနိုင်ခဲ့တယ်။ ဆန်က အိတ် ၄၀၀၀ နီးပါ ရှိတယ်။ နောက် အဲ့ထဲမှာ စားဆီကလည်း နှစ်ပိသာ ၄ ဗူးပါတဲ့ ဖာ ၂၀၀ ကျော်၊ သုံးပိဿာရှိတဲ့ သုံးဗူးပါ ဖာ ၁၅၀ ကျော်၊ အိုင်အိုဒင်းဆားအိတ်ကြီး ၅၀ ကျော်ရှိတယ်။ တခြားဆပ်ပြာခဲ တိုလီစတွေလည်း ပါသေးတယ်။ အဲဒီထဲမှာ အခဲမဲ့ပေးခဲ့တာက ဆန်အိတ် ၂၀၀ လောက်ရှိတယ်။ နောက်ထပ်လည်း အိတ် ၁၀၀ ကျော်သွားပေးဖို့ စီစဉ်နေပါ သေးတယ်။ ဆန်ကြီးပဲ အခမဲ့ပေးတာ ၃၀၀ ကျော် ရှိမယ်ပေါ့။ အခဲမဲ့ပေးဖို့ ရည်ရွယ်ထားတဲ့အထဲမှာ အိမ်ထောင်စု တစ်ထောင်ကျော်အတွက်၊ အခုက အိမ်ထောင်စု ၆၀၀ အတွက် ပေးပြီးသွားပါပြီ။
မေး။ ။ ဆရာတို့ အခမဲ့ပေးတဲ့အခါမှာ ဘယ်လိုဒေသတွေကို ဦးစားပေးခွဲဝေပေးတာပါလဲ။ အိမ်ထောင်စု တစ်ထောင်ကျော်ကို ဘယ်လိုစီစစ်ပေးတာလဲ။
ဖြေ။ ။ ပေးတာတော့ အညီအမျှပေးတယ်။ ဒါပေမယ့် ရာခိုင်နှုန်းခွဲပြီး ပေးတယ်။ ပူတာအိုမြို့က လူဦးရေ အဆမတန်များလို့ ဥပမာ – ဆန်အိတ် ၁၀၀ ကျော် ခွဲမယ်ဆိုရင် ၅၅ ရာခိုင်နှုန်းကို ပူတာအိုမြို့က ပြည်သူတွေကို ခွဲပေးတယ်။ ပြီးရင် ၂၂ ရာခိုင်နှုန်းကို နောင်မွန်မြို့၊ ပန်နန်းဒင်မြို့၊ မချမ်းဘောမြို့ကိုကြတော့ တံတားတစ်စင်း ပလပ်(စ်) ၇ ရာခိုင်နှုန်းနဲ့ပေးတယ်။ ခေါင်လန်ဖူးဘက်ကိုကြတော့ ၁၅ ရာခိုင်နှုန်းနဲ့ ပေးပေးတယ်။ ဒီလိုလေး အတတ်နိုင်ဆုံးနဲ့ ခွဲပေးပါတယ်။
မေး။ ။ အခုဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာ ဘယ်အဖွဲ့အစည်းတွေပါဝင်ပါလဲ။
ဖြေ။ ။ ပူတာအိုမှာ လမ်းပိတ်သွားတဲ့ကာလမှာ ကိုယ်ထူကိုယ်ထဖွဲ့စည်းပြီးတော့မှ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ၇ ဖွဲ့ ပါဝင်ပါတယ်။ ပန်းဥယာဉ်လူမှုကူညီရေးအဖွဲ့၊ နောက်တစ်ဖွဲ့က ဧမာနွေလ၊ မေတ္တာနာရေးကူညီရေးအသင်း၊ နောက်တစ်ဖွဲ့က ခရစ်ယာန်ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံ ရဝမ်လူငယ်အသင်း၊ ပျိုလာလင်းအဖွဲ့၊ ပူတာအို လူမှု့ကယ်ဆယ်ရေးအဖွဲ့၊ နောက်ပြီး တစ်သီးပုဂ္ဂလ အဖွဲ့တွေ ပူးပေါင်းလာတယ်တွေလည်းရှိပါတယ်။
မေး။ ။ ပူတာအိုဒေသမှာ ဘာကြောင့် အရပ်ဖက်အဖွဲ့အစည်းနဲ့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ဝိုင်းဝန်းကူညီပေးရတဲ့ ဒေသအခြအနေကိုလည်း ပြောပေးပါ။
ဖြေ။ ။ ပူတာအိုဒေသဟာ အားလုံးသိတဲ့အတိုင်း စီးပွားရေးနယ်မြေမဟုတ်ဘူး။ ပြည်သူတွေက စားဝတ်နေရေးအတွက်တောင် အရမ်းခက်ခဲပါတယ်။ တခြားဖားကန့်၊ တနိုင်းတွေဘက်မှာဆိုရင် စီပွားရေးနယ်မြေ ဖြစ်တယ်။ ဒီမှာက စျေးနှုန်းအပြောင်းအလဲဖြစ်တာနဲ့ ပြည်သူတွေက မစားရမသောက်ရအခြေအနေအထိ ဖြစ်သွားတယ်။ ဒါကို ကျနော်တို့ကလက်ပိုက်ကြည့်မနေနိုင်ဘူး။ နိုင်ငံရေးအကျပ်အတည်းကာလမှာက ပိုပြီးခက်ခဲတာပေါ့။ အဲကြောင့်လည်း အခုနောက်ပိုင်းဆို ပရဟိတလုပ်ငန်းတွေ အရမ်းလိုအပ်လာတယ်။ ကိုယ်ထူကိုယ်ထ မရပ်တည်နိုင်တဲ့သူတွေ အများကြီး။ အဖက်ဖက်ကနေ ကိုယ်တတ်နိုင်သလောက် ဝိုင်းဝန်းကူညီတဲ့သဘောပါပဲ။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာဖြည့်စွက်ပြောပြချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့လူမှုကူညီရေးအဖွဲ့စည်းတွေဟာ ကိုယ့်စီးပွားအတွက် လုပ်ကိုင်နေကြတာမဟုတ်ဘူး။ ကိုယ့်ဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းပေးတဲ့ သဘောနဲ့ ကူညီပေးနေတာပါ။ ဘယ်အဖွဲ့ အစည်းကိုမှ တိုက်ခိုက်နေတာလည်းမဟုတ်ပါဘူး။ အားလုံးကို သိစေချင်ပါတယ်။
KNG ပေးပို့သည်။