ကနီမြို့ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များအသတ်ခံရမှု အမြန်ဖော်ထုတ်ရန် BEGSC တောင်းဆို

0
134

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များ အသတ်ခံရသည့်ကိစ္စရပ်ကို အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးလုပ်ဆောင်ပေးရန် အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က တောင်းဆိုလိုက်သည်။

ပညာရေးဘုတ်အဖွဲ့တာဝန်ခံဦးဝင်းဌေးနှင့် မိသားစုဝင်များ အသတ်ခံရသည်မှာ တစ်လနီးပါး ကြာလာပြီ ဖြစ်သော်လည်း အမှုမှန် မပေါ်ပေါက်နိုင်ဘဲ ကြန့်ကြာနေသည့်အတွက် ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်သည်ဟု (BEGSC) မှ ဦးကျော်ရဲလွင်က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ဦးကျော်ရဲလွင်က “ ဒီလိုမျိုး တော်လှန်ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ နောက်ထပ်ဒီလိုမျိုးအမှုတွေ မပေါ်ပေါက်ဖို့ ဆိုတာ အရေးကြီးပါတယ်။ အဲဒီလို မပေါ်ပေါက်ဖို့ထက် လက်ရှိဖြစ်ပွားခဲ့ပြီးသော ဖြစ်စဉ်တွေ အမှုမှန်ပေါ်ပေါက်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ ရှုမြင်ပါတယ်” ဟု ပြောသည်။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး၊ ဇနီးသည်နှင့် ၃ လ အရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ယောက်တို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ညက တပုန်းကျေးရွာနေအိမ်၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည်။

အသတ်ခံရသူ ဆရာဦးဝင်းဌေးနှင့် မိသားစုတို့နေထိုင်ခဲ့သော တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နယ်မြေဖြစ်ပြီး ထိုဖြစ်ရပ်အတွက် လက်မခံနိုင်သလို အမှုမှန်ပေါ်ပေါက်ရန်အတွက် အရေးကြီးသည်ဟု ဦးကျော်ရဲလွင်က ဆက်ပြောသည်။

ဦးကျော်ရဲလွင်က “ဒီလိုမျိုး တော်လှန်ထိန်းချုပ် စိုးမိုးနယ်မြေတွေမှာ လူမဆန်စွာ မတရားသတ်ဖြတ်ခံရတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဒီလိုမျိုးသတ်ဖြတ်မှုတွေကို ဆန့်ကျင်ပါတယ်။ ရှုတ်ချပါတယ်။ ဒီလိုမျိုး ဆန့်ကျင်မှုကို နိုဝင်ဘာလထဲမှာ စာတွေထုတ်ပြန်ပြီးမှ ဆန့်ကျင် ခဲ့ကြတာတွေရှိပါတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနကလည်း ထိုဖြစ်စဥ်အား အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ ၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိအချိန်ထိ ထိုအမှုကို ဖြေရှင်းမှုများ မရှိသေးသောကြောင့် CDM ပညာရေးဝန်ထမ်းများမှာ မလုံခြုံမှုများ ခံစားနေရသည်ဟု ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီလိုမျိုးဖြစ်စဉ်တွေက အလားတူဖြစ်စဉ်တွေ ကျနော်တို့ရှေ့မှာ မပြီးမပြတ်ဘဲနဲ့ ကြန့်ကြာနေတဲ့ အရာလည်း ရှိပါတယ်။ အဲတော့ ကျနော်တို့မြေပြင်မှာ သွားလာလှုပ်ရှားနေကြတဲ့ ကြားကာလပညာရေး ဖော်ဆောင်နေကြတဲ့သူတွေဟာ မလုံမခြုံသောစိတ်တွေ ဖြစ်ပြီးတော့ ခံစားနေရပါတယ်” ၎င်းက ဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ ၄ ရက်နေ့ တစ်လပြည့်နေ့တွင် မြေပြင်နှင့် Online လှုပ်ရှားမှုကို ပြုလုပ်သွားမည်ဟု (BEGSC) က ထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီး ကျေးရွာတွင် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် (၁၆) နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦးဆိုသူ အသတ်ခံခဲ့ရပြီး ထိုအမှုမှာလည်း ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးဟု ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here