မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ ရှမ်းစစ်ရှောင်များအတွက် ရိက္ခာနှင့်အဆောက်အအုံများလိုအပ်

0
132
ပုံစာ - ဝိုင်းမော်မြို့မှ စစ်ရှောင်စခန်းနေရာတခု။ (Photo - ဝါရှောင်ဆရာတော် Facebook)

ကချင်ပြည်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ရောက်ရှိနေကြသော ရှမ်းစစ်ရှောင်များအတွက် အစားအသောက်နှင့် နေထိုင်ရန်အဆောက်အအုံများ အကူအညီလိုအပ်နေသည်ဟု မြစ်ကြီးနားမြို့ရှိ ရှမ်းစစ်ဘေးရှောင်များကို ကူညီနေသူများက ပြောသည်။

မြစ်ကြီးနားမြို့ရှိ ရှမ်းစစ်ဘေးရှောင်အိမ်ထောင်စု ၄,၀၀၀ နီးပါးခန့်နှင့် ဝိုင်းမော်မြို့ရှိ အိမ်ထောင်စု ၂၀၀ နီးပါးသည် ကူညီထောက်ပံ့ပေးမည့်သူမရှိဘဲ အကူအညီများလိုအပ်နေသည်ဟု ရှမ်းစစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ယခုလိုပြောသည်။

“အဓိကတော့ ကျန်းမာရေး၊ စားဝတ်နေရေး အဓိကလိုအပ်တယ်။ ရှမ်းမျိုးနွယ်စုတွေက တခါမှလည်း စစ်ဖြစ်လို့ တိမ်းရှောင်တာလည်း မဖြစ်ဘူးတော့ ကြိုတင်အစီအစဉ် ဆွဲထားတာမရှိဘူး။ နေစရာထိုင်စရာ မရှိဘူး။ ဘတ်ဂျက် တွေလည်း ဘာမှမရှိဘူး။ အဓိကတော့ ငွေရေးကြေးရေး အရမ်းလိုအပ်တာပေါ့။ တကယ်လည်း ခက်ခဲပါတယ်။ နေစရာထိုင်စရာ စားစရာသောက်စရာက အစ တကယ်ကိုခက်ခဲနေကြတာပါ။ ကူညီမယ့်သူရှိရင်လည်း ကူညီကြပါလို့” ဟု ၎င်းက ပြောသည်။

အဆိုပါ ရှမ်းစစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲများကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ရှောင်လာသူများဖြစ်ပြီး ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ ၁ ကျေးရွာ၊ အောင်မြေ ၂ ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာနှင့် နောင်တာလောကျေးရွာ၊ မြစ်ကြီးနား မြို့နယ်ထဲက တာလောကြီးကျေးရွာနှင့် ဆင်ဘိုကျေးရွာ၊ ဖားကန့်မြို့နယ်ထဲက ဆိပ်မူကျေးရွာ၊ ပန်ဝါမြို့၊ ချီဖွေမြို့နှင့် မိုးမောက်မြို့နယ်ထဲမှ ဒေသခံများ ဖြစ်ကြသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၂ ကျောင်းတွင် နေထိုင်နေရကြပြီး ဝိုင်းမော်မြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ဝိုင်းမော်မြို့ အောင်မင်္ဂလာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။

အကူအညီပေးနေသူတစ်ဦးက “အခုချိန်ထိတော့ အဆောက်အအုံတွေကတော့ အစိုးရဆီမှာတောင်းထားဆဲ လက်ရှိအချိန်ထိတော့ မရသေးဘူးပေါ့။ အစိုးရကနေတော့ နှစ်ကြိမ်တော့ ထောက်ပံ့တာရှိတာပေါ့။ ဒါပေမယ့် လုံလောက်မှုတော့ မရှိခဲ့ဘူးပေါ့။ ကျနော်တို့လူ ရှမ်းတွေကတော့ အကူအညီမဲ့နေတာပေါ့ကွာ။ အဲ့ဒါကြောင့်မို့ လောလောဆယ်ကတော့ အရင်က လှူဒါန်းမှုကလည်း တခြား ပြင်ပကတော့ လှူဒါန်းမှု မရှိခဲ့ဘူးပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းစစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လုံးဝမလာတော့သဖြင့် စားနပ်ရိက္ခာအပြင် အဝတ်အထည်များ၊ စောင်များနှင့်ဆေးဝါးများ လိုအပ်နေသည်ဟု ဝိုင်းမော်မြို့ရှိ အောင်မင်္ဂလာ ရှမ်းစစ်ဘေးရှောင် စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အလှူရှင်လည်း သိပ်မလာတော့ဘူး။ စ စရောက်တဲ့အချိန်မှာတော့ ဘုန်းကြီးတွေ ငွေရှိတဲ့လောပန်တွေလည်း ဆန်လေး-ငါး အိတ်လာပေးတယ်။ ကျမတို့က တစ်အိမ်ထောင်ကို တစ်ပြည် နှစ်ပြည်ခွဲစားတယ်၊ အခုကတော့ ဆန်လည်း လုံး လုံးမလာတော့ဘူး။ အခုမလာတာတောင်မှ နှစ်လသုံးလလောက်ရှိပြီး ဆန်တွေဆီတွေ မလာတာ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ နေထိုင်စားသောက်ရေးကအစ အဖက်ဖက်တွင် ခက်ခဲ လာသည့်အတွက် စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် အကူအညီများ ပေးရန်လည်း စစ်ရှောင်များက တောင်းဆိုကြသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် ရှမ်းစစ်ဘေးရှောင်များသည် ၎င်းတို့ဒေသတွင် လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသေးသည့်အတွက် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here