လွတ်မြောက်နယ်မြေအတွင်းရှိ KTV များကြောင့် တော်လှန်ရေးပုံရိပ် ထိခိုက်မည်ကိုစိုးရိမ်

0
129
ပုံစာ - လွတ်မြောက်နယ်မြေ KTV သီချင်းဆိုခန်းတခု။

ကရင်နီ (ကယား) ပြည်အတွင်း လွတ်မြောက်နယ်မြေဖြစ်သည့် ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းတွင် တိုးချဲ့ဖွင့်လှစ်ထားသည့် KTV များကြောင့် တော်လှန်ရေးပုံရိပ် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေရသည်ဟု စစ်ရှောင်များ၊ ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောသည်။

အဆိုပါ KTV များတွင် ညသန်းခေါင်အချိန်ထိ အော်ဟစ်ဆူညံခြင်း၊ မီးစက်သံကြောင့် အိပ်မရခြင်း၊ ဆူညံသံများကြောင့် လေကြောင်းအန္တရာယ် ကြိုတင်မကြားသိနိုင်ခြင်းများနှင့် ကြုံနေကြရပြီး တော်လှန်ရေးပုံရိပ်ကို ထိခိုက်ကျဆင်းစေသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

ယင်းအပြင် KTV ဆူညံသံများကြောင့် စစ်ဘေးရှောင်များအနေဖြင့် ညစဉ် အိပ်ရေးပျက်မှုများလည်း ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ချယ်ရီကုန်းတွင် ခိုလှုံနေသူတစ်ဦးက “မေးခွန်းထုတ်စရာရှိလာမှာက တော်လှန်ရေးလုပ်နေကြတဲ့သူတွေက ပိုက်ဆံပေါနေကြလို့လားပေါ့။ ပိုက်ဆံတအားပေါလို့ အပန်းဖြေဖို့လာကြတာလား။ နောက်တခုက တော်လှန်ရေးတပ်သားတွေကြားထဲမှာပဲဖြစ်ဖြစ်၊ အရပ်သားတွေကြားထဲမှာပဲဖြစ်ဖြစ် အထင်လွဲစရာတွေ ဖြစ်လာနိုင်တယ်ပေါ့” ဟု ပြောသည်။

ကရင်နီပြည်တွင် ဖော်ဆောင်ခဲ့သည့် တစ်လေးလုံးစစ်ဆင်ရေးအပြီး ဇူလိုင်လပိုင်းမှစတင်၍ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းရှိ လူနေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများကြားတွင် KTV ၄ ခုခန့် စတင်ဖွင့်လှစ်ခဲ့သည်ဟု ၎င်းကဆိုသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မကြာခဏ KTV တွင် သွားရောက်အပန်းဖြေခြင်း၊ စုဝေးပျော်ပါးခြင်း ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောသည်။

ဒေသတွင်းရှိ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ စစ်တပ်က နေရာအပြည့် ယူထားတာပေါ့။ အဲဒီနေရာတွေ ပြန်ရဖို့အတွက်ဆိုရင် ကျနော်တို့ တိုက်ယူရတယ်။ ရဲဘော်တွေအနေနဲ့ တိုက်ခိုက်ပြီး ယူရတာတွေရှိတယ်။ KTV တွေ ပေါလာတော့ စိုးမိုးနယ်မြေတွေ တိုက်ယူတာက ဒီလိုဖွင့်စားဖို့ဆိုတာမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။ အဲတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အရမ်းအားနာစရာကောင်းတယ်” ဟု ပြောသည်။

အဆိုပါ KTV တို့ကို တော်လှန်ရေးအင်အားစုများ၏ ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ကြသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

ထိုသို့ဖွင့်လှစ်လာသည့် KTV များကို ဒေသတွင်းအုပ်ချုပ်ရေးကဏ္ဍကို အကောင်အထည်ဖော်နေသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် စောင့်ကြည့်စီမံမှုများကို လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

IEC အတွင်းရေးမှူး -၂ ဦးဗညားက “လူထုတော်လှန်ရေး စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလကစလို့ ဒီနေ့အချိန်အထိ ကရင်နီပြည်မှာ KTV နဲ့ ပတ်သက်ပြီး တရားဝင်ခွင့်ပြုထားခြင်း မရှိပါ” ဟု ပြောဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းခန့်က စည်းကမ်းမလိုက်နာသည့် KTV များအား ပိတ်သိမ်းကြရန် IEC က ညွှန်ကြားထားသော်လည်း နိုဝင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

ဦးဗညားက “KTV ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူညံမှုတွေကနေစလို့ ရပ်ရွာလုံခြုံရေးကို ထိပါးခြိမ်းခြောက်တာ၊ ကရင်နီလူမှုပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းနဲ့ လူထုတော်လှန်ရေးပုံရိပ်ကို ညှိုးနွမ်းစေတာမှန်သမျှက လက်သင့်ခံနိုင်စရာမရှိပါဘူး။ လူမှုရေးရှုထောင့်ကနေရော ဥပဒေကြောင်းအရပါ ကိုင်တွယ်ဖြေရှင်းအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ချယ်ရီကုန်းတွင် KTV ၁၀ ခုခန့် ဖွင့်လှစ်လျက်ရှိပြီး ယခင်စစ်အာဏာမသိမ်းမီက လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားသည့် အရေအတွက်ထက်ပင် ပိုများသည်ဟု ဒေသခံများက ပြောဆိုကြသည်။

တော်လှန်ရေး အင်အားစုများဘက်က မကြာခဏ KTV များ သွားရောက်နေခြင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင်ပါ ဝေဖန်မှုများ ကြုံတွေ့နေရသည်ဟုလည်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here