စစ်မှုထမ်းရန်အတွက် လူငယ်များအား ဖမ်းဆီးနေကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM ပြောဆို

0
183

မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို အတင်းအကြပ်ဖမ်းဆီးမှုများ လစဉ် ဆက်တိုက်လုပ်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် သတ်မှတ်ထားသည့် လူဦးရေပြည့်မီရန် လူငယ်များကို အတင်းအကြပ်ဖမ်းဆီးသည့် ကိစ္စရပ်များအား ပိုလုပ်လာနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ ဒါရိုက်တာနိုင်အဲမွန်က ပြောဆိုသည်။

“အခုဆိုလို့ရှိရင် အပတ်စဉ် ၇ ဖွင့်ဖို့ လုပ်နေပြီ။ စစ်မူမထမ်းခင် သူက စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတွေတက်ခိုင်းတာကိုး။ ဆိုတဲ့ခါကြ အဲ့ဒီအရေအတွက် ပြည့်မီဖို့ကို တစ်ဖက်ကလည်း မိဘတွေကို မြူဆွယ်တယ်။ ပြီးလို့ရှိရင် ခြိမ်းခြောက်တယ်။ ပြီးလို့ရှိရင် မတရားဖမ်းဆီးတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး နိုင်အဲမွန်က “တခြားသောနည်းနဲ့ သူတို့အရေးယူတာရှိတယ်။ ဥပမာ ယောက်ျားလေးဆို နှစ်ယောက် မစီးရတာတို့၊ ဆိုင်ကယ် ဦးထုပ် မဆောင်းတာတို့ အဲ့လောက်အမှုလေးနဲ့တင် သူတို့ ဖမ်းဆီးပြီးတော့ စစ်သင်တန်းကို အတင်းပို့လိုက်တဲ့ ဖြစ်ရပ်တွေ ရှိတယ်။ ဆိုတော့ ဒါတော်တော်များများ ဖြစ်နေတယ်” ဟု ဆိုသည်။

ယခုနောက်ပိုင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ်များတွင် စစ်မှုဝင်ထမ်းမည့်သူများ မရှိသောကြောင့် မွန်ပြည်ဘက်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အကြား လူငယ်များကို ဖမ်းဆီးနေသည်ဟု HURFOM ပြောသည်။

ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟုဆိုကာ ပေါင်မြို့နယ်ထဲတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းအချိန်က လူငယ်အယောက် ၂၀ နီးပါးကို ဖမ်းဆီးလိုက်ပြီး စစ်သားစုဆောင်းရေးကို ပို့ခဲ့သည်ဟု ဆိုသည်။

စစ်မှုထမ်းရန်အတွက် အတင်းအကြပ် ဖမ်းဆီးမှုများကို ပေါင်မြို့နယ်ထဲတွင် အများဆုံး လုပ်နေသည်ဆိုသော အချက်အလက်များကို ရရှိထားသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

“မွန်ပြည်နယ် ပေါင်မြို့နယ်က များတယ်ပေါ့နော်။ ဒီအယောက် ၂၀ လောက်က အဲ့မြို့နယ်က ဖြစ်ခဲ့တယ်။ ပြီးလို့ရှိရင် တစ်ခြား လေးငါးခြောက်ယောက်၊ လေးငါးခြောက်ယောက်ကျတော့ ဒီ သံဖြူဇရပ်မြို့နယ်၊ မုဒုံ မြို့နယ်၊ နောက်တစ်ခုက ဘီးလင်းမြို့နယ်၊ မော်လမြိုင်မြို့နယ် အသီးသီး ဖြစ်ကြတယ်” ဟု ၎င်းက ဆိုသည်။

စစ်မူထမ်းဥပဒေ စတင်လိုက်သည့်အချိန်မှ လက်ရှိအချိန်အထိ မွန်ပြည်တွင် စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခံရသူ လူအရေအတွက် ၈၀၀ နီးပါးခန့်ရှိသည်ဟု HURFOM တာဝန်ရှိသူက ဆက်ပြောသည်။

နိုင်အဲမွန်က “ဖမ်းတာရော အတင်းသွတ်သွင်းတာရော ကျနော်တို့ ၏တွေ့ရတာကတော့ မွန်ပြည်နယ်မှာဆိုလို့ရှိရင် စစ်မှုထမ်းခိုင်းခံရတဲ့ အရေအတွက်က ၆၉၀၊ ၇၀၀ နီးပါး လောက် ရှိတယ်။ ဒါပေမဲ့ ဖမ်းတဲ့ case က လစဉ် အနည်းဆုံး မရှိဘူးဆိုလို့ရှိရင် ၃၀ ၊၃၂၊ ၃၅ အဲ့လို အသီးသီး လနဲ့ချီ ရှိတာကိုး။ ဆိုတော့ Batch 6 အခုဆိုလို့ရှိရင် Batch 7 ဖွင့်ဖို့လုပ်နေပြီ။ ဆိုတော့ အဲ့ Batch 7 အထိက မွန်ပြည်နယ်မှာက ၇၉၀၊ ၈၀၀ လောက်ရှိတယ်” ဟု ပြောသည်။

ရှေ့ပိုင်းစစ်မှုထမ်းအပတ်စဉ်များအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လူပွဲစားများမှ တဆင့် ငွေကြေးပေးငှားရမ်းပြီး လူခေါ်နိုင်ခဲ့ကြသော်လည်း အပတ်စဉ် ၅ မှစ၍ လူခေါ်၍မရသောကြောင့် ဒေသန္တအမိန့် ဖောက်ဖျက်မှုနှင့် ဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ခြင်းကို လုပ်လာသည်ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီ၏ စစ်မူထမ်းသင်တန်းက လက်တွေ့တွင် အဖြစ်သဘောလုပ်နေပြီး စစ်ရေး သင်ကြားလေ့ကျင့်ပေးမှုမဟုတ်ဘဲ အမိန့်ကိုနာခံရန် လုပ်နေခြင်းသာဖြစ်သည်ဟု HURFOM က ဆိုသည်။

ထို့ကြောင့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူများကို တိုက်ခိုက်ရေးတွင် အသုံးပြုခြင်းမျိုးအပြင် လူသားဒိုင်းကာအတွက် စစ်ကြောင်းအရှေ့က သွားခိုင်းခြင်းမျိုးများ လုပ်နေသည်ဟု နိုင်အဲမွန်က ဆိုသည်။

မွန်ပြည်တွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ မှ ၆ အထိ တပ်သားသစ် စုဆောင်းခံရသည့် လူငယ်အနည်းဆုံး အယောက် ၁၃၀၀ နီးပါးအထိ ရှိခဲ့သည်ဟု HURFOM ၏ စာရင်းများအရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here