ထားဝယ်တွင် မြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေဆုံး

0
177
Photo - CJ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာတွင် မြေမြှုပ်မိုင်းကြောင့် ငါးရှဉ့်ထောင်သွားသည့် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၇ နာရီခန့်က ကနိုင်းဒါကျေးရွာနေ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးသည် ကျေးရွာအနီးရှိ ပေါက်တိုင်းချောင်း၌ ငါးရှဉ့်သွားထောင်စဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရသည်ဟု ဆိုသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါလူငယ်သည် ခြေထောက်နှစ်ဖက်လုံး ပြတ်တောက်ဒဏ်ရာနှင့် သွေးထွက်လွန်ပြီး အခင်းဖြစ်ရာနေရာမှာပင် သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဒေသခံများပြောပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သည့် ပေါက်တိုင်းချောင်းအနီးတွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများထောင်ထားပြီး သတိပေးဆိုင်းဘုတ်တွေကိုလည်း ကပ်ထားသည်ဟု သိရသည်။

မြေမြှုပ်မိုင်းထိမှန်သေဆုံးနေသည့် အဆိုပါလူငယ်ရုပ်အလောင်းကို ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်တွင် လမ်းသွားလမ်းလာများက တွေ့ရှိပြီး မိသားစုထံ အကြောင်းကြားခဲ့ပြီးနောက် နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။

မိုင်းထိမှန်သေဆုံးခဲ့သော လူငယ်မိသားစုသည် ယခင်မူလက သရက်နှစ်ခွကျေးရွာတွင် နေထိုင်ခဲ့ကြပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၎င်း၏ဖခင်ဖြစ်သူဟာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန် သေဆုံးခဲ့ သည်ဟု ဒေသခံတို့ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်တောက် ဒဏ်ရာရရှိခဲ့သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ လမ်းများနှင့် ဥယာဉ်ခြံတို့တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ဟု ဒေသခံတို့နှင့် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးရေး စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ၏ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာတွင်မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ အများဆုံးဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁၀၀၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု ပြောဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here