ပွင့်ဖြူနှင့် စေတုတ္တရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ

By MPM 29 နိုဝင်ဘာ, 2024 👁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်ထဲသို့ စစ်ကောင်စီတပ် တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ပြောဆိုမှုအရ သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် နိုဝင်ဘာ ၂၇ ရက်နေ့ကစတင်ပြီး ပွင့်ဖြူမြို့နယ်မှတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ စေတုတ္တရာမြို့နယ်ရှိ ကျောက်ပုံ၊ ခဲပစ်၊ ညောင်ကုန်းကျေးရွာများထဲသို့ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်ကို အတိအကျမသိရသေးဟု ဒေသခံတို့က ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ပွင့်ဖြူမြို့နယ်အခြေစိုက် ဝါစိုက်ပျိုးရေးတပ်၊ အမှတ် ၂၅၅ ခြေလျင်တပ်ရင်း၊ စစ်မှုထမ်းသင်တန်ဆင်းများနှင့် ပြည်သူ့စစ်သင်တန်းဆင်းစစ်သားများ အများဆုံးပါဝင်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီစစ်ကြောင်းတွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သား အများဆုံးအသုံးပြုထားသည့်အပြင် ယခုလုပ်ရပ်သည် သင်တန်းဆင်းများကို အသေခံခိုင်းခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့တွင် ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုနှင်အတူ နှစ်ဖက်တိုက်ပွဲများကြောင့် ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူလူထုတစ်သောင်းနီးပါး ရှောင်တိမ်းနေကြရပြီး စားနပ်ရိက္ခာနှင့်အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။