ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများ တပ်ပေါင်းစုအဖြစ် ဖွဲ့စည်း

By MPM 26 နိုဝင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်သည်ဟု NUG က သတင်းထုတ်ပြန်ခဲ့သည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်ခရိုင် အမှတ် – ၁ တပ်ရင်း၊ အမှတ် – ၂ တပ်ရင်း၊ ထားဝယ်မြို့နယ်၊ သရက်ချောင်း မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ပြီးခဲ့သည့် အောက်တိုဘာ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခင်က တနင်္သာရီတိုင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည် စစ်ရေးလှုပ်ရှားရာ နေရာဒေသများမှာသာ ပူးပေါင်းစစ်ကြောင်းများအနေနှင့် ဖွဲ့စည်းခဲ့ကြပြီး ယခုလို တပ်ပေါင်းစုဖွဲ့စည်းခြင်းသည် တိုင်းအတွင်း ပထမဆုံးဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်တပ်ပေါင်းစု တပ်ဖွဲ့တာဝန်ခံ ရဲဘော် C1 က ပြန့်ကျဲနေသည့် တော်လှန်ရေးအင်အားစုများကို စုပေါင်းပြီး တသွေးတသံတစ်မိန့်အောက်တွင် တော်လှန်ရေးကို ရှေ့ဆက်နိုင်အောင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“တော်လှန်ရေးသွားတဲ့အချိန်မှာ သူတစ်လူငါတစ်မင်းသွားနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့တိုက်ခိုက်ရေးက ဘယ်လိုမှအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တသွေးတသံတစ်မိန့်နဲ့ COC (Chain Of Command) အမိန့်အောက်သွားချင်တဲ့အတွက် ဒီထားဝယ်ခရိုင် တပ်ပေါင်းစုကြီးကို ဖွဲ့စည်းလိုက်တာဖြစ်တယ်” ဟု ရဲဘော် C1 က ပြောသည်။

ယခုလိုတပ်ပေါင်းစု ဖွဲ့စည်းခြင်းအားဖြင့် တော်လှန်ရေးအင်အားစုများ ပိုပြီးတောင့်တင်းလာသလို စုပေါင်းအားတစ်ခုလည်း ရရှိလာမည်ဖြစ်ပြီး စစ်ကောင်စီအတွက် ကြောက်ခမန်းလိလိဖြစ်အောင် ကြိုးစားသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူများအနေနှင့်လည်း ပြန့်ကြဲနေသော တော်လှန်ရေးအင်အားစုများကို စုပေါင်းပြီးဖြစ်သည့်အတွက် တပ်ပေါင်းစုအဖွဲ့ကို အားသွန်ခွန်စိုက် ထောက်ပံ့ပေးကြရန်လည်း တိုက်တွန်းထားသည်။

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းမှုအပေါ် လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရေးနေတဲ့ တပ်ဖွဲ့ပေါင်း ၁၀၀ ဖွဲ့ ထက်မနည်းရှိနေပြီး ယင်းတို့ထဲတွင် NUG လက်အောက်ခံမဟုတ်သည့် သီးခြားရပ်တည်နေသော အဖွဲ့များလည်း ရှိနေသည်။

သံလွင်တိုင်းမ် ပေးပို့သည်။