စလင်းမြို့က စစ်ကောင်စီကာကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့သိမ်းပိုက်

0
58
Photo - မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှ ဆုတ်လေဦး စစ်ကောင်စီကာကင်းစခန်းကို ဒေသကာကွယ်ရေး အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့နှင့်နီးစပ်သူ ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီကာကင်းစခန်းကို နိုဝင်ဘာ ၁၅ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းကိုပါ အပိုင်ရခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုချိန်ထိတော့ စကစဘက်က လှုပ်ရှားမှု မတွေ့ရသေးဘူး။ သူတို့တွေပြေးတော့ လက်နက်ကြီးတွေနဲ့ ထုတာကြောင့် ဓာတ်ဆီဆိုင်မီးလောင်ပြီးတော့ လူသေဆုံးမှုတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆုတ်လေဦးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုရှိသည်ဟု ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

ဆင်ဖြူကျွန်းမြို့နယ်ရှိ နွယ်တမယ်တံတား အနောက်ဘက်ရှိ ဆုတ်လေဦးကာကင်းစခန်းမှာ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ရှိပြီး ယင်းသို့တိုက်ခိုက်မှုကြောင့် သေဆုံးသူများရှိကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများက ဆင်ဖြူကျွန်းမြို့ပေါ်ဘက်သို့ ထွက်ပြေးသွားပြီး ထိုသို့ထွက်ပြေးလာသူများကို ၂၅၅ တပ်က နွယ်တမယ်တံတား ဆင်ဖြူကျွန်းဘက်ခြမ်းမှနေ၍ လုံခြုံရေးယူပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ကာကွယ်ရေးအဖွဲ့များက နွယ်တမယ်တံတားကို စီးနင်းခဲ့ပြီး လုံခြုံရေးရယူခဲ့သည့်အတွက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here