မြိတ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံး

0
107
ပုံစာ - နေအိမ်ခြံဝန်းအတွင်း ထောင်ထားသည့် မြေမြှုပ်မိုင်း။ (Photo – CJ)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုတို့ထံက သိရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်အစောပိုင်းက တုံးဗျောကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်ရာနေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အတူလိုက်ပါလာသည့် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသူ အမျိုးသားကို ယင်းနေ့မှာပင် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အခြေအနေရှိနေကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများ ပြောဆိုချက်အရ မြိတ်မြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီ တပ်သားများ သွားလာလှုပ်ရှားနေပြီး လမ်းဘေးများ၌ မြေမြှုပ်မိုင်းထောင်ထားမှုတွေရှိနေသည်ဟု ဆိုပါသည်။

တဖက်တွင်လည်း နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေသည့် မြိတ်ခရိုင်အတွင်းက မြို့နယ်များရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ညပိုင်း၌ ခရီးမသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပလမြို့တွင် စပါးရိတ်ရန်လယ်စိုက်ခင်းသို့သွားသည့် ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here