ကော့သောင်းတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

By MPM 13 နိုဝင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် မာရမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ခမောက်ကြီး အခြေစိုက်တပ်စခန်းမှ အင်အား ၈၀ ကျော်နှင့် မာရမ်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို အောင်ချမ်းသာ ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်လေးလုံးအထိမ်းအမှတ်အဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ထိုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများကို ခမောက်ကြီးမြို့ကို ချက်ချင်း သယ်ဆောင်သွားသလို နှစ်ဖက်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းသို့မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေ့မှာပင် အောင်ချမ်းသာကျေးရွာလမ်းဆုံ၌ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းမှုတို့ လုပ်ဆောင်ခဲ့ပြီး နောက်တနေ့မနက်ပိုင်းတွင် ဆိပ်ဖူးကျေးရွာကို ဆက်လက်စစ်ကြောင်းထိုး ထွက်သွားသည်ဟု ဆိုသည်။

ဆိပ်ဖူးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းက ဒေသခံအမျိုးသားများကို စစ်ဆေးမေးမြန်းခဲ့သလို ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းပိုင်ဆိုင်သည့်ကားကိုလည်း သိမ်းဆည်းသွားသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

တော်လှန်ရေးအင်အားစုတို့ ပြောပြချက်အရ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဆိပ်ဖူးကျေးရွာကတဆင့် မာရမ်းကျေးရွာထဲကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ယင်းဒေသတဝိုက်၌ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုတွင် သန်းခေါင်စာရင်း ကောက်ယူပြီးစီးပြီးနောက် အောင်ပွဲခံနေသော ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ ပစ်ခတ်ခံရပြီး ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။